Share this

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ် (၅ - ၁၂ - ၂၀၁၈)

Wednesday, December 5, 2018 - 14:29
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်

( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေးမြို့မှ မြစ်ကြီးနား မြို့သို့ ကားလမ်းဖြင့်သွားလျှင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့အား ဆက်တိုက် ဖြတ်သန်း သွားလာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ၏ ကတ္တရာလမ်းကြောတို့သည် အညံ့ဆုံးဖြစ်နေပြီး လမ်းကျဉ်းမြောင်းခြင်း၊ လမ်းပဲ့ လမ်းပေါက်များပြီး ကတ္တရာမပါ လမ်းကြမ်းသာသာ ဖြစ်နေပါသဖြင့် အဆိုပါ      စစ်ကိုင်းတိုင်း ဒေသကြီးအပိုင်နယ်မြေရှိလမ်းအား အဆင့်မီလမ်းမကြီးအဖြစ် မည်သည့် ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မန္တလေး - တကောင်း -ဗန်းမော် - မြစ်ကြီးနားလမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ JICA Phase III အစီအစဉ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )ဦးစိုင်းဝမ်းလှိုင်းခမ်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းစီးကျေးရွာအုပ်စု၊ မိုင်းဟွမ် ကျေးရွာအုပ်စု၊ မိုင်းယကျေးရွာအုပ်စုနှင့် မူဆယ်မြို့နယ်၊ မုံးကိုးကျေးရွာ အုပ်စုအထိ ဆက်သွယ်ထားသောကားလမ်းအား ကတ္တရာလမ်းအဖြစ် ပြုပြင် မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်လင်း က  နယ်မြေ အေးချမ်းမှုရှိပါက လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား ရန်ပုံငွေ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

( ဂ ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ လွှတ်တော်ကိုယ်စားလှယ် များအား မဲဆန္ဒနယ်ရှိ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ ပြည်သူများ၏ဆန္ဒ ဖော်ဆောင် ရာတွင်လည်းကောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်ကဖြစ်စေ အလေးထားတိုင်ပင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ လုပ်ငန်းများ လျာထားရာတွင် မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများ၊ မြို့မိမြို့ဖများနှင့် ဆွေးနွေး တိုင်ပင်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ရေနံချောင်း - အင်တောလမ်းပေါ်ရှိ ဖောင်းကွဲချောင်း ပေါ်တွင် ကွန်ကရစ်ရေကျော် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က   ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(င)ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ နိုင်ငံရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအရသော်လည်းကောင်း ယနေ့ခေတ် ကာလတွင် မရှိသင့်တော့ သော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်အစပ် ပြည်ထောင်စုလမ်းမ ပေါ်ရှိ မလွှဲတောင် ဝါးတားဂိတ်အား ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတစ်ရပ်လုံး၏ ဘေးကင်းလုံခြုံမှုကို များစွာ အထောက်အကူပြုရာရောက်သဖြင့် မလွှဲတောင် စစ်ဆေးရေးဂိတ်အား ဖြုတ်သိမ်းပေးရန် အစီအစဉ်မရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များနှင့်အတူ ရှင်းလင်း ဖြေကြားသည်။

(စ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ ကစ္ဆပနဒီမြစ် အရှေ့ဘက်ခြမ်းဖြစ်သည့် သာဒါဆိပ်ကျေးရွာနှင့် ရွှေလှိုင် ကျေးရွာအကြားတွင်လည်းကောင်း၊ ဗျှာလာကျေးရွာနှင့် ဆင်အိုးချိုင်ကျေးရွာအကြား တွင်လည်းကောင်း ရွာအနောက်ဘက်မှ လယ်ကွင်းများကိုဖြတ်ပြီး ကျေးရွာကုန်ထုတ် လမ်းတစ်လမ်းစီ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  ရန်ပုံငွေ အခြေ အနေအရ လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးကြောင်းနှင့် ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့သို့ ရန်ပုံငွေ တင်ပြတောင်းခံပြီး ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၄။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင်‌့ စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးသည်။

အဆိုဆွေးနွေးခြင်း 

၅။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ တင်သွင်းသည့်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို  လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးသည်။ 

၆။ အစည်းအဝေးကို ၁၂၂၂ နာရီ အချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၇-၁၂-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်