Share this

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၄.၈.၂၀၁၉)

Wednesday, August 14, 2019 - 14:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

( ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် )

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်-

(က) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၊ မြို့တွင်းလမ်း (၃)မိုင်အား ပေ(၅၀)အကျယ် ကားလမ်း တာချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း  ရေးဆွဲရာတွင် ဒေသ၏ အခြားလိုအပ်ချက်များအရ ဦးစားပေး ထည့်သွင်းလျာထားခြင်းမရှိသေးကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

(ခ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကလေး - ဖလမ်း - ဟားခါးလမ်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် World Bank မှ ဆောင်ရွက်မည့်အပိုင်းများအားသတ်မှတ်ပြီး ကျန်အပိုင်းများအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က နိုင်ငံတကာပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နားလည်မှု သဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက် ရမည်ဖြစ်သည့်အပြင် အဆင့်ကျော် ဆောင်ရွက်မှုများပြုလုပ်၍ မရသည့်အတွက် လုပ်ငန်းများစတင်ရန် နှောင့်နှေးနေသလိုဖြစ်သော်လည်း လမ်းဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်လုပ်ငန်းအဖွဲ့တို့အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ မကြာခဏပြုလုပ် လျက်ရှိပြီး လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ရန်   ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး ခရိုင်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့နှင့် ထန်တလန်မြို့နယ်၊ နှာရိန်မြို့တို့အကြား မြို့ချင်းဆက် ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့်(၃)တွင် ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ရှိ ဘုတ်ကံ - မလူ - ဇီးဖြူကုန်း ကျေးရွာချင်းဆက် လမ်းကို ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင် ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့် သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့်(၁)၌ ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(င) ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြစ်ကြီးနားမြို့၊ ရွှေအိုက် - ရွှေပြည်သာ - နန်းကွေ့ ကျေးရွာအုပ်စု ရပ်ကွက် ကျေးရွာချင်းဆက်လမ်း၏ ရွှေပြည်သာ - အားဆာ - နယ်မြေ(၅)- နန်းကွေ့ ကျေးရွာလမ်း အပိုင်းအား ကျောက်ခင်းလမ်းမှ ကတ္တရာလမ်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် လမ်းအရှည်(၁.၇၈)မိုင်အား ရာသီမရွေးသွားလာနိုင်သော ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်း ဖြေကြားသည်။

အဆုံးအဖြတ် ရယူခြင်း

၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အသိပေး တင်ပြပြီး ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၅။ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦး က ဆွေးနွေးသည်။

အဆို ဆွေးနွေးခြင်း၊ ဖြေရှင်း ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၆။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး ၏ နိုင်ငံခြားတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့် ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် ယင်း သင်တန်းကျောင်းများမှ ထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးရာ ယင်း အဆိုနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၇။ အစည်းအဝေးကို ၁၂:၁၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၁၆-၈-၂၀၁၉ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

                                                                                                                                                                   အမျိုးသားလွှတ်တော်