Share this

စာရင်းအင်းဥပဒေ (မူကြမ်း)

Monday, November 21, 2016 - 10:18
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးစတုတ္ထပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

 

 စာရင်းအင်းဥပဒေ (မူကြမ်း)

 

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်           ။)

 

၁၃၇၈ခုနှစ်၊.............................လ ............ရက်

 

(၂၀၁၆ ခုနှစ်၊ ……………........လ……ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း (၁)

 

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များ

 

၁။      ဤဥပဒေကို စာရင်းအင်းဥပဒေ ဟု ခေါ်တွင်စေရမည်။

 

၂။      ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

 

(က)    အမျိုးသားစာရင်းအင်းစနစ် ဆိုသည်မှာ တရားဝင်စာရင်းအင်းများကို ပြုစုရာတွင် စာရင်းအင်းဆိုင်ရာ ကောက်ယူစုဆောင်းထားသည့် အချက်အလက်များ သို့မဟုတ် အုပ်ချုပ်မှုဆိုင်ရာ မှတ်တမ်းများ သို့မဟုတ် အခြားစာရင်းအင်းဆိုင်ရာ ပြုစုထား ရှိမှုများမှ မူလအချက်အလက်များကို ရည်ညွှန်းကိုးကား၍ အစိုးရဌာန အဖွဲ့အစည်း များနှင့် ပုဂ္ဂလိကကဏ္ဍတို့  ပူးပေါင်းပါဝင်ဆောင်ရွက်ကြသောစနစ်ကို ဆိုသည်။

 

 (ခ)    အမျိုးသားစာရင်းအင်းစနစ်တွင်ပါဝင်ပတ်သက်သူ ဆိုသည်မှာ အမျိုးသားစာရင်းအင်း စနစ် အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်သည့် ပုဂ္ဂိုလ်တစ်ဦးချင်း၊ အိမ်ထောင်စု၊ အစိုးရဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များ၊ သမဝါယမ၊ ဖက်စပ်လုပ်ငန်း၊ ကော်ပိုရေးရှင်း၊ ကုမ္ပဏီ၊ ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများကို ဆိုသည်။

 

(ဂ)     စာရင်းအင်း ဆိုသည်မှာ အချက်အလက်များအား ကောက်ယူစုစည်းပြုစုခြင်း၊ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်သုံးသပ်ခြင်းနှင့် သက်ဆိုင်သော သင်္ချာဆိုင်ရာ သိပ္ပံပညာ ရပ်ကို ဆိုသည်။

 

(ဃ)    အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။

 

(င)    ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဆိုသည်။   

 

          (စ)     အစိုးရဌာနအဖွဲ့အစည်းများ ဆိုသည်မှာ နိုင်ငံတော်၏ဗဟိုအဖွဲ့အစည်းများ၊ဝန်ကြီး                  ဌာနများနှင့် တပ်မြို့စည်ပင်သာယာအဖွဲ့အစည်းများကိုဆိုသည်။

 

           (ဆ)   ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော စာရင်းအင်းအချက်အလက်                   များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီကိုဆိုသည်။

 

(ဇ)     ဗဟိုစာရင်းအင်းအဖွဲ့ ဆိုသည်မှာ ဗဟိုကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရသည့် အတွင်းရေးမှူးရုံးကို ဆိုသည်။ ဗဟိုစာရင်းအင်းအဖွဲ့သည် အမျိုးသားစာရင်းအင်း အာဏာပိုင်အဖွဲ့လည်း ဖြစ်သည်။

 

(ဈ)     စာရင်းအင်းဆိုင်ရာအကြီးအမှူး ဆိုသည်မှာ ဗဟိုကော်မတီအတွင်းရေးမှူး သို့မဟုတ် အမျိုးသားစာရင်းအင်းဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်ပြီး အမျိုးသားစာရင်းအင်း စနစ်တွင် ပါဝင်ပတ်သက်သူများကို ဦးဆောင်ညှိနှိုင်းကြီးကြပ်သူ၊ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို တာဝန်ခံဆောင်ရွက်သည့် ဗဟိုစာရင်းအင်း အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

 

(ည)   တရားဝင်စာရင်းအင်း ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ်တွင် ဖော်ပြထားသောအုပ်ချုပ်မှုဆိုင်ရာမှတ်တမ်းများ၊ ဝန်ကြီးဌာနများမှ မှတ်တမ်းများ နှင့်စာရင်းအင်းများ၊ သန်းခေါင်စာရင်းများ၊ စစ်တမ်းများအား ကောက်ယူ စုဆောင်းခြင်း၊ ပြုစုခြင်း၊ တွက်ချက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း၊ ပုံနှိပ်ထုတ် ဝေခြင်း၊ ဖြန့်ဝေခြင်းတို့ ပါဝင်သော စာရင်းအင်းဆိုင်ရာ အချက်အလက် စုဆောင်းမှု လုပ်ငန်းစဉ်များမှ ရရှိသော ကိန်းဂဏန်း အချက်အလက်များကို ဆိုသည်။

 

(ဋ)     အုပ်ချုပ်မှုဆိုင်ရာမှတ်တမ်း ဆိုသည်မှာ စာရင်းအင်းလုပ်ငန်းစဉ်အတွက် ရည်ရွယ် ထားခြင်း မဟုတ်သော်လည်း အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ကောက်ယူ စုစည်းထိန်းသိမ်းထားသော အချက်အလက်မှတ်တမ်းကို ဆိုသည်။ 

 

(ဌ)     သန်းခေါင်စာရင်း ဆိုသည်မှာ  ဦးရေဆိုင်ရာ လက္ခဏာရပ်များကို အပြည့်အ၀ ကောက်ယူထားသည့် စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ဆိုသည်။

 

(ဍ)     စစ်တမ်း ဆိုသည်မှာ ဦးရေဆိုင်ရာလက္ခဏာရပ်များကို ခန့်မှန်းသိရှိနိုင်ရေးအတွက် အချိန်ကာလတစ်ခုအတွင်း ဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များကို နမူနာစာရင်းကောက်ယူခြင်းဖြင့် စုဆောင်းရယူထားသော စာရင်းအင်းဆိုင်ရာ အချက်အလက်ကို ဆိုသည်။

 

 (ဎ)    မူလစာရင်းအင်းအချက်အလက် ဆိုသည်မှာ သန်းခေါင်စာရင်း၊ စစ်တမ်းနှင့်အခြား စာရင်းအင်းဆိုင်ရာ အချက်အလက် ကောက်ယူစုဆောင်းမှု လုပ်ငန်းစဉ်များမှ တစ်ဆင့် မေးခွန်းဖြေကြားသူထံမှ တိုက်ရိုက်ကောက်ယူစုဆောင်းရရှိပြီး တရားဝင် စာရင်းအင်းအတွက် အသုံးပြုရန် ရည်ညွှန်းကိုးကားမည့် အချက်အလက်ကို ဆိုသည်။

 

(ဏ)   လျှို့ဝှက်ထိန်းသိမ်းထားရမည့်အချက်အလက် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား စာရင်းအင်းစနစ်ဖြင့် တရားဝင် စာရင်းအင်းများကို ပြုစုနိုင်ရန် ကောက်ယူရာတွင် လက်ခံရရှိထားသော စာရင်းအင်းနှင့်ဆိုင်သောအချက်အလက်များကို မေးခွန်း ဖြေကြားသူ၏ ခွင့်ပြုချက် မပါရှိဘဲ ထုတ်ဖော်ခြင်း မပြုနိုင်သော ပုဂ္ဂိုလ်တစ်ဦးဦး၊ အိမ်ထောင်စု၊ ဌာနအဖွဲ့အစည်း၊ လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် အချက်အလက်ကို ဆိုသည်။

 

          (တ)    စာရင်းအင်းဆိုင်ရာကိစ္စရပ် ဆိုသည်မှာ တရားဝင်စာရင်းအင်းများကိုအသုံးပြုရေး                  အတွက် ပြုစုဆောင်ရွက်သည့် လုပ်ငန်းရပ်များ၊ ပေါင်းစပ်ညှိနှိုင်းရသည့် လုပ်ငန်း             ရပ်များကို ဆိုသည်။

 

(ထ)    စာရင်းအင်းဆိုင်ရာအချက်အလက် ဆိုသည်မှာ တရားဝင်စာရင်းအင်းများကို ဖော်ပြသည့် ကိန်းဂဏန်းအချက်အလက်ကို ဆိုသည်။

 

(ဒ)     အရည်အသွေးပြည့်ဝသည့်စာရင်းအင်း ဆိုသည်မှာဓမ္မဓိဋ္ဌာန်ကျမှု၊ တိကျမှန်ကန်မှု၊ စပ်ဆိုင်မှု၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်မှုရှိသည့် စာရင်းအင်းကို ဆိုသည်။

 

(ဓ)     ကုလသမဂ္ဂ၏အခြေခံစည်းမျဉ်းများဆိုသည်မှာ ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂ စာရင်းအင်းကော်မရှင်မှ ထုတ်ဝေထားသော ကုလသမဂ္ဂတရားဝင် စာရင်းအင်း ဆိုင်ရာ အခြေခံစည်းမျဉ်းကိုဆိုသည်။

 

(န)     စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ် ဆိုသည်မှာ တရားဝင်စာရင်းအင်းများ ထုတ်ပြန်ရန် အုပ်ချုပ်မှုဆိုင်ရာ မှတ်တမ်းများ၊ သန်းခေါင်စာရင်းနှင့် စစ်တမ်းများမှ စာရင်း အင်း အချက်အလက်များကို ကောက်ယူစုဆောင်းခြင်း၊ ပြုစုခြင်း၊ ညွှန်ကိန်းများ တွက်ချက်တိုင်းတာခြင်း၊ အမျိုးအစားခွဲခြားခြင်း၊ သုံးသပ်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း၊ သိမ်းဆည်းခြင်းတို့နှင့် သက်ဆိုင်သည့် တာဝန်ယူဆောင်ရွက်မှု များကို ဆိုသည်။

 

(ပ)     တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော နှစ်စဉ်လုပ်ငန်းအစီအစဉ် ဆိုသည် မှာ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ်အရ စာရင်းအင်း အချက်အလက် ပြုစု ထုတ်ပြန်သူများက ဆောင်ရွက်မည့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး ကို ဖော်ပြထားသည့် နှစ်စဉ်ဆောင်ရွက်မည့် လုပ်ငန်းကို ဆိုသည်။

 

(ဖ)     မေးခွန်းဖြေကြားသူ ဆိုသည်မှာ သန်းခေါင်စာရင်း၊စစ်တမ်းနှင့်အခြားစာရင်းအင်း ဆိုင်ရာ အချက်အလက်များကို ဖြေကြားဆောင်ရွက်သော ပုဂ္ဂိုလ်တစ်ဦးဦးကိုသော် လည်းကောင်း၊ တစ်ဦးချင်း၊ အိမ်ထောင်စု၊ အစိုးရဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်း သို့မဟုတ် အသင်းအဖွဲ့တစ်ရပ်ရပ်ကို ကိုယ်စားပြုဖြေကြားသူ တစ်ဦးဦးကိုသော် လည်းကောင်း ဆိုသည်။

 

(ဗ)     စာရင်းအင်းအချက်အလက်ပြုစုထုတ်ပြန်သူ ဆိုသည်မှာ တရားဝင် စာရင်းအင်း များကို ထုတ်ပြန်ရန် ရည်ရွယ်ချက်ဖြင့် မူလအချက်အလက် သို့မဟုတ် တစ်ဆင့်ခံ အချက်အလက် ကောက်ယူသည့်  အစိုးရဌာနအဖွဲ့အစည်းကို ဆိုသည်။

 

(ဘ)    စာရင်းအင်းအချက်အလက် ထုတ်ပြန်ခြင်း ဆိုသည်မှာ စာရင်းအင်းဆိုင်ရာ လျှို့ဝှက်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်ခြင်းမရှိသော အချက်အလက်များကို သုံးစွဲ သူများသို့ ရယူအသုံးပြုခွင့်ပေးခြင်းကို ဆိုသည်။

 

အခန်း (၂)

 

ရည်ရွယ်ချက်

 

၃။      ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

(က)   အရည်အသွေးပြည့်ဝ၍ တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရသော စာရင်းအင်းများ ကိုအချိန်နှင့်တစ်ပြေးညီ ပြုစုပံ့ပိုးနိုင်သည့် မြန်မာနိုင်ငံအမျိုးသား စာရင်းအင်း စနစ် ပေါ်ပေါက်လာစေရန်၊

 

(ခ)     တိကျမှန်ကန်၍ အရည်အသွေးပြည့်ဝသည့် စာရင်းအင်းများရရှိခြင်းဖြင့် မူဝါဒနှင့် စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှု အကဲဖြတ်ရာတွင်လည်းကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင် လည်းကောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူပြုစေရန်၊

 

(ဂ)     နိုင်ငံတော်အစိုးရနှင့် အများပြည်သူတို့ အသုံးပြုနိုင်ရေးအတွက် စာရင်းအင်း ဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးသက်ရောက်မှုရှိပြီ လွယ်ကူချောမွေ့စေရန်၊

 

(ဃ)   စာရင်းအင်းနှင့် သက်ဆိုင်သောဌာန၊ အဖွဲ့အစည်းများအကြားထိရောက်မြန်ဆန်စွာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်၊

 

(င)     အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သည့် စာရင်းအင်းများကို ရရှိအသုံးပြုနိုင်ခြင်း အားဖြင့် အစိုးရနှင့်ပြည်သူတို့အကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှု တိုးမြှင့်စေရန်၊

 

အခန်း (၃)

 

                                        အခြေခံစည်းမျဉ်းများ               

 

၄။      တရားဝင်စာရင်းအင်းများ၏ အရည်အသွေးပြည့်ဝစေရန်နှင့် ပြည်သူများ၏ ယုံကြည်မှုကို ရရှိနိုင်စေရန် စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ်များကို အောက်ပါအခြေခံ စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် -

 

(က)   အမျိုးသားစာရင်းအင်းစနစ်တွင် အရည်အသွေးပြည့်ဝသည့် စာရင်းအင်းများ ဖြစ်ပေါ်စေရန် တည်ဆဲဥပဒေများ၊ ကုလသမဂ္ဂ၏ အခြေခံစည်းမျဉ်းများနှင့် ကိုက်ညီရမည်။

 

(ခ)     စာရင်းအင်းဆိုင်ရာ အချက်အလက်များကို အမှန်တကယ်တည်ရှိသည့် အခြေအနေ များနှင့် ကိုက်ညီစေရန် အနီးစပ်ဆုံးတိတိကျကျ ဖော်ပြရမည်။

 

(ဂ)     တူညီသော စာရင်းအင်းဆိုင်ရာ အချက်အလက်များ ထပ်မံကောက်ယူခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်။

 

(ဃ)    အမျိုးသားစာရင်းအင်းများနှင့် စပ်လျဉ်း၍ အများပြည်သူ ယုံကြည်လက်ခံနိုင်မှု ရရှိစေနိုင်ရေးအတွက် စာရင်းအင်းပြုစု ဆောင်ရွက်ရာတွင် နည်းလမ်းတကျ စီမံ ဆောင်ရွက်မှုနှင့် အချက်အလက်များ ဖြန့်ဝေခြင်း၌ ပွင့်လင်းမြင်သာမှု ရှိရမည်။

 

(င)     စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကောက်ယူစုဆောင်းထားသော ပုဂ္ဂိုလ် တစ်ဦးချင်း၊ အိမ်ထောင်စု၊ အစိုးရဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်း သို့မဟုတ် အသင်း အဖွဲ့တစ်ခုချင်းစီ၏ လျှို့ဝှက်ထိန်းသိမ်းထားရှိရမည့် အချက်အလက်များကို တိကျစွာ စောင့်ရှောက်ထိန်းသိမ်းရမည်။

 

(စ)     လျှို့ဝှက်ထိန်းသိမ်းရမည့် အချက်အလက်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာ၍ စာရင်းအင်းဆိုင်ရာ အချက်အလက် သုံးစွဲသူများထံ ပြည်သူ့အရင်းအမြစ်တစ်ရပ် သို့မဟုတ် နိုင်ငံသားအခွင့်အရေး တစ်ရပ်အဖြစ် လည်းကောင်း၊ ဆုံးဖြတ်ချက်ချမှတ်သူများအတွက် အထောက်အကူ တစ်ရပ်အဖြစ် လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက် နှင့်အညီလွတ်လပ်စွာ ဖြန့်ဝေပေးရမည်။

 

(ဆ)    အုပ်ချုပ်မှုဆိုင်ရာ မှတ်တမ်းများကို တရားဝင်စာရင်းအင်းများအတွက် အခြေခံ အချက်အလက်များအဖြစ် အသုံးပြုနိုင်ရမည်။

 

အခန်း (၄)

 

ဗဟိုကော်မတီဖွဲ့စည်းခြင်း

 

၅။      ပြည်ထောင်စုအစိုးရအဖွဲ့သည် -

 

(က)    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးကိုဥက္ကဌအဖြစ်လည်းကောင်း၊ စာရင်းအင်းအချက်အလက်နှင့် သက်ဆိုင်သော အစိုးရဌာန၊အဖွဲ့အစည်းများမှ  ဒုတိယဝန်ကြီး၊ ဒုတိယဝန်ကြီးအဆင့် ရှိသူ သို့မဟုတ် အမြဲတမ်းအတွင်းဝန်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များမှ စာရင်းအင်းအချက်အလက်နှင့် သက်ဆိုင်သော ဝန်ကြီးများနှင့် စာရင်းအင်း အချက်အလက်ဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် ပညာရှင်များကို အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကို အတွင်းရေးမှူး အဖြစ်လည်းကောင်း ပါဝင်စေလျက် စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ် ပေးရမည်။

 

(ခ)     ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ဗဟိုကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်း နိုင်သည်။

 

၆။      ဗဟိုကော်မတီအဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် အစိုးရအဖွဲ့သက်တမ်းနှင့်အညီ  ဖြစ်သည်။

 

၇။      နိုင်ငံ့ဝန်ထမ်းမဟုတ်သော ဗဟိုကော်မတီအဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူး သက်တမ်း နှစ်ကြိမ်ထက် ပိုမိုတာဝန်ထမ်းဆောင်ခြင်း မရှိစေရ။ ရွေးကောက်ခံအစိုးရသည် အစိုးရတာဝန်ယူသည့်နေ့မှစ၍ (၂)လ အတွင်း ဗဟိုကော်မတီအား အသစ်ပြန်လည် ဖွဲ့စည်း ရမည်။

 

အခန်း (၅)

 

ဗဟိုကော်မတီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၈။      ဗဟိုကော်မတီ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

 

(က)   စာရင်းအင်းဆိုင်ရာမူဝါဒနှင့် စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာ ဗျူဟာ ချမှတ်အကောင်အထည်ဖော်ခြင်း၊

 

(ခ)     အရည်အသွေးပြည့်ဝ၍ တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရသော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုစုပံ့ပိုးနိုင်ရန်အလို့ငှာ ပြည့်စုံကောင်းမွန်၍ ယုံကြည်စိတ်ချ ရသည့် မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ် တည်ထောင်ခြင်း၊ စာရင်းအင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရာတွင် အကြံဉာဏ်နှင့်လမ်းညွှန်မှုပေးခြင်း၊

 

(ဂ)     စာရင်းအင်းကိန်းဂဏန်းအချက်အလက်များတိကျမှန်ကန်ရေးအတွက်စာရင်းအင်း ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနအဖွဲ့အစည်းများ၊ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီများအား လမ်းညွှန်မှုပေးခြင်း၊

 

(ဃ)   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် အခြား စာရင်းအင်းဆိုင်ရာ လုပ်ငန်းရပ်များ ဆောင်ရွက်မှုကို ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း၊

 

(င)     ပြည်ထောင်စုဝန်ကြီးဌာနအလိုက် တာဝန်ယူရသော ကဏ္ဍအသီးသီးတွင် ပြည့်စုံ ကောင်းမွန်သည့် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် စာရင်းအင်းတစ်ရပ် ပေါ်ပေါက် ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊

 

(စ)     နိုင်ငံတကာစာရင်းအင်းစနစ်များနှင့် လိုက်လျောညီထွေရှိစေရန် အမျိုးသားစာရင်းအင်း စနစ်အပေါ် အကဲဖြတ်သုံးသပ်ခြင်း၊ လိုအပ်ချက်များကို ကဏ္ဍအလိုက် သုံးသပ်ခြင်း နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊

 

(ဆ)    ဤဥပဒေ စည်းနှောင်အား ရှိစေရေးအတွက် လိုအပ်သလို အသိပညာပေးခြင်း၊ နှိုးဆော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊

 

()     ဗဟိုကော်မတီလုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတနှင့် အစိုးရ အဖွဲ့သို့ အခါအားလျော်စွာ တင်ပြအစီရင်ခံခြင်းနှင့် ဗဟိုကော်မတီ အစည်းအဝေး ကို အနည်းဆုံး သုံးလတစ်ကြိမ်ကျင်းပခြင်း

 

()     ဗဟိုကော်မတီက ဆောင်ရွက်သောလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက် ဖြစ်ပေါ်မှု အခြေအနေများကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ် အစီရင်ခံတင်ပြခြင်း၊

 

(ည)    အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

 

၉။      ဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

 

(က)    အမျိုးသားစာရင်းအင်းစနစ်၏ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော စာရင်းအင်းဆိုင်ရာမူဝါဒများ ချမှတ်ခြင်း၊ ယင်းမူဝါဒများနှင့်အညီ လုပ်ငန်း လမ်းညွှန်ချက်များ ချမှတ်ခြင်း၊

 

(ခ)     ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ထိရောက်သော စာရင်းအင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပေါ်ထွန်းလာစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်များ၊ မြို့နယ်များ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုများတွင် စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးလုပ်ငန်းကော်မတီများနှင့် အဖွဲ့ငယ်များကို ဖွဲ့စည်းခြင်း နှင့်ယင်းတို့၏ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးအပ်ခြင်း၊

 

(ဂ)     တရားဝင်စာရင်းအင်းနှင့် သက်ဆိုင်သော နှစ်စဉ် လုပ်ငန်းအစီအစဉ်နှင့် ကာလတို၊ ကာလလတ်၊ ကာလရှည် စာရင်းအင်းစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ရာတွင် လမ်းညွှန်မှုပေးခြင်း၊

 

(ဃ)    စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သော အခြေခံစည်းမျဉ်းများနှင့် အညီ စာရင်းအင်းဆိုင်ရာစံနှုန်းများကို သတ်မှတ်ခြင်း၊

 

(င)     တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်များနှင့်အညီ မူလ စာရင်းအင်းအချက်အလက်များ ကောက်ယူရန်နှင့် လူမှုစီးပွားဆိုင်ရာ စစ်တမ်းများ ကောက်ယူရန် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့အား တာဝန် ပေးအပ်ခြင်း၊

 

၁၀။    ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် -

 

(က)    ပြည်ထောင်စုအစိုးရ၏ စာရင်းအင်းဆိုင်ရာ လက်ရှိဆောင်ရွက်မှုများမှ လိုအပ် သောအချက်အလက်များကို ရရှိနိုင်ခြင်းမရှိပါက မိမိဒေသဆိုင်ရာအဆင့်မှ စာရင်းအင်းများကို ရယူ၍လုပ်ငန်းများ ဆောင်ရွက်နိုင်သည်။

 

(ခ)     ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသအဆင့် စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ၏ အတည်ပြု ချက်ဖြင့် ဆောင်ရွက်ရမည်။

 

၁၁။    ဗဟိုကော်မတီသည် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူထံမှ ၎င်းတို့ ကြီးကြပ်ဆောင်ရွက်သည့် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် အခြားစာရင်းအင်းဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ တောင်းခံရယူပိုင်ခွင့် ရှိသည်။

 

၁၂။    ဗဟိုကော်မတီသည် ဤဥပဒေပါ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဗဟိုစာရင်းအင်းအဖွဲ့သို့ လွှဲအပ် တာဝန်ပေးနိုင်သည်။

 

အခန်း(၆)

 

စာရင်းအင်းဆိုင်ရာအကြီးအမှူး၏လုပ်ငန်းတာဝန်များ

 

၁၃။    စာရင်းအင်းဆိုင်ရာအကြီးအမှူး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

 

(က)   တရားဝင်စာရင်းအင်းနှင့် သက်ဆိုင်သော နှစ်စဉ်လုပ်ငန်းအစီအစဉ်နှင့် ကာလတို၊ ကာလလတ်၊ ကာလရှည် စာရင်းအင်းစီမံချက်များအား ရေးဆွဲအကောင်အထည် ဖော်နိုင်ရန် စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူအားလုံးနှင့် ဦးဆောင်ညှိနှိုင်း ဆောင်ရွက်ခြင်း၊

 

(ခ)     စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သော အခြေခံစည်းမျဉ်းများနှင့် အညီ စာရင်းအင်းဆိုင်ရာစံနှုန်းများကို သတ်မှတ်ခြင်းနှင့် အဆိုပါစံနှုန်းများ ကိုက်ညီစေရေးအတွက် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူများ နှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊

 

(ဂ)     စာရင်းအင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ဗဟိုကော်မတီ၏ အတည်ပြုချက် ရရှိရေးအတွက် တင်ပြခြင်း၊

 

          (ဃ)   သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသော စာရင်းအင်းများ ပြုစုရာတွင် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့က ဆောင်ရွက်ထားသည့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ကြီးကြပ်ဆောင်ရွက်ခြင်း၊

 

          (င)     လူမှုစီးပွားအခြေအနေကို ထင်ဟပ်ဖော်ပြသည့် ညွှန်ကိန်းများနှင့် စာရင်းအင်းများ ပြုစုနိုင်ရန် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် အခြားစာရင်းအင်းဆိုင်ရာ အချက် အလက်များ ကောက်ယူရေးအတွက် ပြင်ဆင်ဆောင်ရွက်စေရန် အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

 

(စ)     တရားဝင်စာရင်းအင်းများ ကောက်ယူရေးအတွက်ဖြစ်စေ၊ အုပ်ချုပ်ရေးအတွက် ဖြစ်စေ၊ အခြားကိစ္စရပ်များအတွက်ဖြစ်စေ ဆောင်ရွက်သည့်အစိုးရ၏ တရားဝင် စာရင်းအင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို ပြန်လည်စိစစ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်း၊

 

(ဆ)    အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သော အချက်အလက်များအား နည်းလမ်း တကျ ခွဲခြမ်းစိတ်ဖြာ၍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနများ ဆောင်ရွက်ရန် နှင့်မူဝါဒဆိုင်ရာ အချက်အလက်များ ပြုစုတင်ပြဆောင်ရွက်ခြင်း၊ စာရင်းအင်း ထုတ်ပြန်မှု အရည်အသွေးကို အကဲဖြတ်ခြင်း၊ လေ့လာစိစစ်ခြင်းနှင့် ပြန်လည် သုံးသပ်ခြင်း၊

 

(ဇ)     အမျိုးသားစာရင်းအင်းစနစ်၏ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခြင်း၊ စီမံချက်များနှင့် အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း တို့ကို လေ့လာစိစစ်၍ ဗဟိုကော်မတီသို့ တင်ပြခြင်း၊

 

(ဈ)     တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်ချက်များကို ဗဟိုကော်မတီသို့  အခါအားလျော်စွာ တင်ပြအစီရင်ခံခြင်း၊

 

(ည)    လျှို့ဝှက်ထိန်းသိမ်းထားရမည့် အချက်အလက်များမှအပ ထုတ်ပြန်သင့်သည့် တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်၏ စာရင်းအင်း ဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ရန်နှင့် ယင်းသို့ဆောင်ရွက်ရာတွင် စီမံချက် နှင့်အညီ တရားဝင်စာရင်းအင်း အချက်အလက်များကို သတင်းကဏ္ဍမျိုးစုံမှ တစ်ဆင့်ထုတ်ပြန်ရန်အတွက် အစိုးရဌာန၊အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊

 

(ဋ)     ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်များ၊ မြို့နယ်များတွင် ဗဟိုစာရင်းအင်း အဖွဲ့ရုံးခွဲများ အကြား စာရင်းအင်းဆိုင်ရာ အချက်အလက်ပေးပို့ခြင်း၊ ကွန်ယက်ချိတ်ဆက် ဆောင်ရွက် ခြင်းနှင့် စုစည်းထိန်းသိမ်းထားရှိခြင်း၊ 

 

(ဌ)     စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ပိုမိုလျှင်မြန်စွာ ကောက်ယူစုဆောင်း နိုင်ရေးအတွက် အီလက်ထရွန်နစ်အချက်အလက်ဝန်ဆောင်မှုစနစ်ထူထောင်ခြင်း၊

 

(ဍ)     စာရင်းအင်းဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များ စာရင်းအင်း ကောက်ယူသည့် စနစ်နှင့် စာရင်းအင်းပြုစုခြင်းဆိုင်ရာနည်းစနစ်များ တစ်ပြေးညီ ဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် သင်တန်းပေးခြင်းတို့ကို စီမံဆောင်ရွက်ခြင်း၊ 

 

(ဎ)     စာရင်းအင်းများပြုစုရာတွင် စာရင်းအင်းဆိုင်ရာကျွမ်းကျင်မှုနှင့် အရည်အသွေးကို မြှင့်တင်ရန် သင်ရိုးညွှန်းတမ်းရေးဆွဲဆောင်ရွက်ခြင်းနှင့် စာရင်းအင်းနည်းပညာ ဖွံ့ဖြိုးရေးသင်တန်းများဖွင့်လှစ်ခြင်း၊

 

(ဏ)   တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သည့် စာရင်းအင်းလုပ်ငန်းစဉ်များကို အစိုးရဌာနအဖွဲ့အစည်းများ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊  ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အမျိုးသားစာရင်းအင်းစနစ်ရှိ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

 

          (တ)   စာရင်းအင်းဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်ပါက  နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်နိုင်ရေးအတွက် ဗဟိုကော်မတီသို့ တင်ပြခြင်း၊

 

          (ထ)   စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စာရင်းအင်းဆိုင်ရာ အချက်အလက် ပြုစု ထုတ်ပြန်သူများ၊ စာရင်းအင်းဆိုင်ရာ အချက်အလက်သုံးစွဲသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လိုအပ်သလိုညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊

 

          (ဒ)     စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံကိုယ်စားပြု ဆောင်ရွက်ခြင်း၊

 

          (ဓ)     နိုင်ငံ၏စီးပွားရေးအတွက် လိုအပ်သော စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ထောက်ရှု့၍ လူတို့၏ နေထိုင်မှုနှင့် စီးပွားရေးဆိုင်ရာ စာရင်းစစ်တမ်းများ ကောက်ယူရေးကို စနစ်တကျ ရေးဆွဲထားသော အခြေခံမူအရဖြစ်စေ၊ အချိန်တို အတွင်း ကြိုတင်ပြင်ဆင်မှု မရှိဘဲဖြစ်စေ လိုအပ်ချက်ပေါ်မူတည်၍ စီစဉ်ဆောင်ရွက် လုပ်ကိုင်ခြင်း၊

 

          (န)     ဗဟိုကော်မတီက ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကိုလည်း ထမ်းဆောင် ခြင်း။

 

၁၄။    စာရင်းအင်းဆိုင်ရာအကြီးအမှူးသည်-

 

          (က)    ဗဟိုစာရင်းအင်းအဖွဲ့၏   ရသုံးမှန်းခြေငွေစာရင်းတွင်   လျာထားသည့်  ငွေထက်            မပိုစေဘဲ လောလောဆယ်ပေါ်ပေါက်လာသော အကြောင်းကိစ္စရပ်များ ဆောင်ရွက်             နိုင်စေရန်  သို့မဟုတ် လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်                    စာရင်းအင်းဆိုင်ရာ  အချက်အလက်ကောက်ယူစုဆောင်းခြင်း   အစီအစဉ်ကိုလည်း                 ကောင်း၊  လုပ်ငန်းအကျယ်အဝန်းကို   လည်းကောင်း   ပြောင်းလဲခြင်း  သို့မဟုတ်             လိုအပ်သလိုပြင်ဆင်ခြင်း ပြုနိုင်သည်။                            

 

          (ခ)     ရသုံးမှန်းခြေ ငွေစာရင်းတွင်  လျာထားသည့်  ငွေပမာဏ  လုံလောက်မှု  မရှိပါက                      ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့၏  ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံ                        ငွေမှကျခံသုံးစွဲရန် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ တင်ပြတောင်းခံနိုင်သည်။

 

 

 

အခန်း (၇)

 

ကဏ္ဍအလိုက်စာရင်းအင်းများ

 

၁၅။    စာရင်းအင်းနှင့် သက်ဆိုင်သော အစိုးရဌာန၊အဖွဲ့အစည်းများသည်အမျိုးသားစာရင်းအင်း စနစ်အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကပါဝင်ပတ်သက်သူများအဖြစ် ဆောင်ရွက်ရမည်။

 

၁၆။    ဗဟိုကော်မတီက ချမှတ်ထားသော စာရင်းအင်းဆိုင်ရာမူဝါဒများကို ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည

 

၁၇။    စာရင်းအင်းနှင့် သက်ဆိုင်သော အစိုးရဌာန၊အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ကဏ္ဍအလိုက် စာရင်းအင်းများကို ပြုစုရမည့်ပြင် တည်ဆဲဥပဒေများ၌ သတ်မှတ်ဖော်ပြထားသော သီးခြား ညွှန်ကြားချက်များအရ သန်းခေါင်စာရင်းများ၊ စစ်တမ်းများ၊ အုပ်ချုပ်မှုဆိုင်ရာ မှတ်တမ်းများ ထားရှိမှုစနစ်များမှ ကဏ္ဍအလိုက်အချက်အလက်များကို ကောက်ယူစုဆောင်းရမည်။ တရားဝင် စာရင်းအင်းများကို အဆိုပါအချက်အလက ဇစ်မြစ်များမှ ထုတ်နုတ်ရမည်။

 

၁၈။    စာရင်းအင်းနှင့် သက်ဆိုင်သော အစိုးရဌာန၊အဖွဲ့အစည်းများသည် ဗဟိုကော်မတီမှ အတည်ပြုထားသော တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်နှင့်အညီ အရည် အသွေးပြည့်ဝသည့် စာရင်းအင်းများကိုပြုစုခြင်းနှင့် ထုတ်ပြန်ခြင်းတို့တွင် ဗဟိုစာရင်းအင်းအဖွဲ့ နှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည်။

 

၁၉။    စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချိန်ကာလ၊ စည်းကမ်း သတ်မှတ်ချက်၊ အဓိပ္ပါယ်ဖော်ပြချက်များ၊ စာရင်းအင်းဆိုင်ရာနည်းလမ်းများ၊ အချက်အလက် ကောက်ယူမည့် နမူနာပုံစံများစသည့် သတ်မှတ်ချက်များ ပါဝင်သော  စီမံချက်နှင့်အတူ စာရင်းအင်းဆိုင်ရာအကြီးအမှူးထံမှကြိုတင်ခွင့်ပြုချက်ရယူရမည်။

 

၂၀။    ပုဒ်မ ၁၉ ပါ ခွင့်ပြုချက်ကို စာရင်းအင်းဆိုင်ရာ အချက်အလက် ပြုစုထုတ်ပြန်သူများက လိုက်နာရန် ပျက်ကွက်ပါက စာရင်းအင်းဆိုင်ရာအကြီးအမှူးမှ ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်း နိုင်သည်။

 

အခန်း (၈)

 

စာရင်းအင်းဆိုင်ရာအချက်အလက်များအားကောက်ယူစုဆောင်းခြင်း

 

၂၁။    စာရင်းအင်းဆိုင်ရာအကြီးအမှူးသည် သန်းခေါင်စာရင်း သို့မဟုတ် စစ်တမ်း သို့မဟုတ် အခြားစာရင်းအင်းဆိုင်ရာ အချက်အလက်များ ကောက်ယူစုဆောင်းရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးချင်းကိုဖြစ်စေ၊ အဖွဲ့လိုက်ကိုဖြစ်စေ ပါ ဝင်ဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။

 

၂၂။     စာရင်းအင်းဆိုင်ရာအကြီးအမှူးသည် စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူများထံသို့ဗဟိုစာရင်းအင်းအဖွဲ့၏ အရာထမ်း အမှုထမ်းများက ဖြစ်စေ၊ စာရင်းအင်းဆိုင်ရာ အကြီးအမှူးမှ တာဝန်ပေးအပ်ခြင်းခံရသူကဖြစ်စေ ကြိုတင်အကြောင်းကြားစာ ပေးပို့နိုင်သည် သို့မဟုတ် ပေးပို့စေနိုင်သည်။

 

၂၃။    စာရင်းအင်းဆိုင်ရာအကြီးအမှူးသည် မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိက ကိုယ်စားလှယ် လွှဲအပ် ထားသူမှတစ်ဆင့်ဖြစ်စေ ဤဥပဒေအရ တရားဝင်စာရင်းများ ကောက်ယူရန် ကိစ္စအလို့ငှာ တစ်ဦးတစ်ယောက်သောသူ သို့မဟုတ် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ သက်ဆိုင်ရာ မှတ်တမ်း များ သို့မဟုတ် စာရွက်စာတမ်းများကို မေးမြန်းကြည့်ရှုရယူခွင့်ရှိသည်။

 

၂၄။    အစိုးရဌာန၊ အဖွဲ့အစည်းများသည် စာရင်းအင်းဆိုင်ရာ အကြီးအမှူး သို့မဟုတ် ယင်းက တာဝန်ပေးအပ်ထားသူက ဤဥပဒေပါကိစ္စရပ်များအလို့ငှာ စာရင်းအင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများက ထိန်းသိမ်းထားသည့်အုပ်ချုပ်မှု ဆိုင်ရာ မှတ်တမ်းများအနက်မှ ရယူလိုသော စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ဆောင်ရွက် ပေးရမည်။

 

၂၅။    စာရင်းအင်းဆိုင်ရာအကြီးအမှူး သို့မဟုတ် ယင်းကတာဝန်ပေးအပ်ထားသူသည် ဝင်ငွေ ခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ထိန်းသိမ်းထားသည့် သက်သေခံ လက်မှတ်များ၊ တင်ပြချက်များ၊ နှစ်စဉ်အစီရင်ခံစာများနှင့် မှတ်တမ်းများကို  စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များ အတွက် ဝန်ကြီးဌာနသို့ တင်ပြ၍ တောင်းခံရယူပိုင်ခွင့်ရှိသည်။

 

၂၆။    စာရင်းအင်းဆိုင်ရာ အကြီးအမှူး သို့မဟုတ် ယင်းက တာဝန်ပေးအပ်ထားသူသည် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ကန့်သတ်ထားသော စာရင်းအင်းနှင့် သတင်း အချက်အလက်များကို အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူများထံမှ တောင်းခံ ရယူပိုင်ခွင့်ရှိသည်။

 

အခန်း (၉)

 

စာရင်းအင်းဆိုင်ရာအချက်အလက်များအတွက်မေးခွန်းဖြေကြားသူများ၏တာဝန်နှင့်အခွင့်အရေး

 

၂၇။    မေးခွန်းဖြေကြားသူသည် အချိန်ကာလနှင့် လိုက်လျောညီသည့် တိကျပြည့်စုံသော စာရင်းအင်းဆိုင်ရာ အချက်အလက်များကို စာရင်းအင်း နှင့်သက်ဆိုင်သော အစိုးရဌာန၊ အဖွဲ့အစည်းများအား ပံ့ပိုးပေးအပ်ရမည်။

 

၂၈။    မေးခွန်းဖြေကြားသူသည် အမျိုးသားစာရင်းအင်းစနစ်အရ အစိုးရဌာနအဖွဲ့အစည်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ရပ်ရပ်က ဆောင်ရွက်ထားရှိရမည့် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် အခြားစာရင်းအင်း တစ်ရပ်ရပ်အတွက် ထုတ်ဖော်ပြောဆိုထားသော လျှို့ဝှက် ထိန်းသိမ်းထားရှိရမည့် ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို သက်ဆိုင်ရာ စာရင်းအင်း ကောက်ယူသည့် ဌာနသို့ ပြန်လည်တောင်းခံပိုင်ခွင့်ရှိသည်။

 

၂၉။    တရားဝင်စာရင်းအင်းကောက်ယူစုဆောင်းခြင်း လုပ်ငန်းစဉ် နှင့်စပ်လျဉ်း၍ မေးခွန်း ဖြေကြားသူသည် အောက်ပါတို့ကို  သိပိုင်ခွင့်ရှိသည် -

 

(က)    စာရင်းအင်းဆိုင်ရာ အချက်အလက်ကောက်ယူစုဆောင်းခြင်း၏ ရည်ရွယ်ချက်၊ ကောက်ယူသည့် အချက်အလက်များအား အသုံးပြုခြင်းနှင့် ယင်းဖြေဆိုရန် တာဝန်ရှိသော မေးခွန်းများ၊

 

(ခ)     ကောက်ယူစုဆောင်းရရှိသော အချက်အလက်များကို လျှို့ဝှက်အဆင့်ဖြင့် ထိန်းသိမ်း ထားခြင်း အပါအဝင် မှတ်တမ်းတင်ထားမည့် လုပ်ထုံးလုပ်နည်းများနှင့် ပြုစုမည့် စာရင်းအင်းများကိုထုတ်ပြန်မည့်အချိန်ဇယား၊

 

(ဂ)     မေးခွန်းဖြေကြားသူနှင့်သက်ဆိုင်သော အခြားစာရင်းအင်းဆိုင်ရာ အချက်အလက်များ။

 

အခန်း (၁၀)

 

စာရင်းအင်းဆိုင်ရာအချက်အလက်များပံ့ပိုးပေးအပ်ရန်တာဝန်

 

၃၀။    အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့၏ ကိုယ်စားလှယ်များသည် ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ရပ်အတွက် သော်လည်းကောင်း၊ ဤဥပဒေတွင် သတ်မှတ်ဖော်ပြထားသည့် အမျိုးသားစာရင်းအင်းစနစ်အတွင်းမှ အချက်အလက် ဆိုင်ရာ အခြားလုပ်ထုံးလုပ်နည်းများအတွက်သော်လည်းကောင်း ပြည့်စုံမှန်ကန်သော စာရင်းအင်း ဆိုင်ရာ အချက်အလက်များ တောင်းခံမှုအပေါ် အချိန်မီအခမဲ့ပံ့ပိုးပေးအပ်ရန်တာဝန်ရှိသည်။

 

၃၁။    လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းမှတစ်ပါး အခြားဖြေဆိုရမည့် စာရင်းအင်း ဆိုင်ရာ အချက်အလက်များတွင်ပါဝင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် မေးခွန်းဖြေဆိုသူ၏ လူမှုအကျိုးစီးပွားအား ထိခိုက်စေနိုင်လျှင်ထိုသူကို စာရင်းအင်းဆိုင်ရာ အချက်အလက် ပံ့ပိုးပေးအပ်ဖြေဆိုရန် တာဝန်ရှိခြင်းအပြည့်အဝကို ဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ လိုအပ်ပါက စာရင်းအင်းဆိုင်ရာအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် ကင်းလွတ် ခွင့်ပြုနိုင်သည်။

 

အခန်း (၁၁)

 

တရားဝင်စာရင်းအင်းများအား ထုတ်ပြန်ခြင်း

 

၃၂။    ဗဟိုစာရင်းအင်းအဖွဲ့နှင့် စာရင်းအင်း အချက်အလက်ပြုစု ထုတ်ပြန်သူများသည် အချက်အလက် အသုံးပြုသူများ လိုအပ်သော တရားဝင်စာရင်းအင်းများနှင့် စပ်လျဉ်း၍ ပုံနှိပ် ထုတ်ဝေမည့် အမျိုးအစား၊ ပုံစံနှင့်နေ့ရက်တို့ကို ကြိုတင်ထုတ်ဝေသည့် လုပ်ငန်းအချိန်ဇယားတွင် ထည့်သွင်းဖော်ပြရမည် ဖြစ်ပြီးဇယားပါ ရည်ရွယ်ချက်များ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုအပ်သည့် စာရင်းအင်းအချက်အလက်များကို နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ထုတ်ပြန်ရမည်။

 

၃၃။    ဗဟိုစာရင်းအင်းအဖွဲ့ သို့မဟုတ် စာရင်းအင်းအချက်အလက်ပြုစုထုတ်ပြန်သူသည် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် အခြားစာရင်းအင်းဆိုင်ရာ အချက်အလက်များမှ သတင်း အချက်အလက်များကို စာရင်းအင်းဆိုင်ရာအကျဉ်းချုပ်များ သို့မဟုတ် စာရင်းအင်းဆိုင်ရာ ဇယားများ အဖြစ် ထုတ်ပြန်ရမည်။

 

၃၄။    အမျိုးသားစာရင်းအင်းစနစ်ရှိ စာရင်းအင်းဆိုင်ရာ အချက်အလက် ပြုစုထုတ်ပြန်သူများက တရားဝင်စာရင်းအင်းများထုတ်ပြန်ရာတွင်ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သင့်လျော်သည့် သတင်းအချက်အလက် ထုတ်ပြန်သည့်စနစ်ကို အသုံးပြုနိုင်သည်။

 

၃၅။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စာရင်းအင်းဆိုင်ရာ အချက်အလက် ပြုစုထုတ်ပြန် သူများသည် လျှို့ဝှက်ထိန်းသိမ်းသင့်သည့် အချက်အလက်များမှတစ်ပါး အခြားစာရင်းအင်း ဆိုင်ရာ အချက်အလက်များကို သုံးစွဲလိုသူများထံ အဖိုးအခတစ်စုံတစ်ရာဖြင့် သုံးစွဲခွင့်ပြုနိုင်သည်။

 

အခန်း (၁၂)

 

တားမြစ်ချက်များ

 

၃၆။    စာရင်းအင်းဆိုင်ရာအကြီးအမှူး သို့မဟုတ် မည်သည့် ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ နှင့် စာရင်းအင်းဆိုင်ရာ အချက်အလက် ပြုစုထုတ်ပြန်သူမျှ စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ် တစ်ရပ်ရပ်အတွက် မေးခွန်းဖြေကြားသူများထံမှ ရရှိသော လျှို့ဝှက်ထိန်းသိမ်းရမည့် အချက် အလက်ကို လျှို့ဝှက်ထိန်းသိမ်းထားရှိရန် ပျက်ကွက်ခြင်းမရှိစေရ။

 

၃၇။    စာရင်းအင်းဆိုင်ရာ အချက်အလက်ပြုစုထုတ်ပြန်သူများသည် ဗဟိုစာရင်းအင်းအဖွဲ့ သို့မဟုတ် အစိုးရဌာန၊အဖွဲ့အစည်းတစ်ရပ်ရပ်၏ လက်ဝယ်ရှိ စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ် တစ်ရပ်ရပ်အတွက် စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အီလက်ထရွန်နစ်ပုံစံဖြင့်ဖြစ်စေ ပြုစုထားသည့် ပုဂ္ဂိုလ်တစ်ဦးချင်း၊ အိမ်ထောင်စု၊ အဖွဲ့အစည်းတစ်ခုချင်းနှင့် သက်ဆိုင်သော ပြည်သူ့ရေးရာ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက် သို့မဟုတ် မွေးဖွားမှုမှတ်ပုံတင်ခြင်းဆိုင်ရာ ပုံစံစသည့် အချက်အလက်များကို သက်ဆိုင်ရာပုဂ္ဂိုလ်၊ အိမ်ထောင်စုနှင့်အဖွဲ့အစည်း၏ သဘောတူညီကြောင်း စာဖြင့် ကြိုတင်ခွင့်ပြုချက် မရရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း မပြုရ။

 

၃၈။    စာရင်းအင်းဆိုင်ရာ အချက်အလက်ပြုစုထုတ်ပြန်သူများသည် ဤဥပဒေပါ ကိစ္စရပ်များ အလို့ငှာ ကောက်ယူခဲ့သည့် တရားဝင်စာရင်းအင်း တစ်ခုခုကိုသော်လည်းကောင်း၊ ထိုစာရင်း၏ အစိတ်အပိုင်းကို သော်လည်းကောင်း၊ သက်ဆိုင်ရာ အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင် ပတ်သက်သူတို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာကိုသော်လည်းကောင်း ထိုတရားဝင်စာရင်း အင်းနှင့် သို့မဟုတ် အကြောင်းအရာနှင့် စပ်လျဉ်းသည့် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့ကဖြစ်စေ သဘောတူကြောင်းစာကို ကြိုတင်မရရှိဘဲ အကြောင်းအချက် တစ်ခုခုသည် သက်ဆိုင်သည့် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့ကို ရည်ညွှန်းသည်ဟု သိရှိနိုင်ရန် ဖော်ပြသည့် နည်းလမ်းမျိုးဖြင့် ထုတ်ပြန်ကြေညာခြင်းမပြုရ။

 

၃၉။    ဗဟိုစာရင်းအင်းအဖွဲ့နှင့် မည်သည့် စာရင်းအင်းအချက်အလက် ပြုစုထုတ်ပြန်သူမျှ ပုဒ်မ ၃၄ အရ တရားဝင်စာရင်းအင်းများ ထုတ်ပြန်ရာတွင် အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင် ပတ်သက်သူတို့၏ အမည်များကို ဖော်ပြခြင်းမပြုရ။

 

၄၀။    အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်သောဗဟိုစာရင်းအင်းအဖွဲ့ သို့မဟုတ် မည်သည့် စာရင်းအင်းအချက်အလက် ပြုစုထုတ်ပြန်သူမျှ သုတေသနလုပ်ငန်းအတွက် ပြုစုထားသော စာရင်းအင်းဆိုင်ရာ မေးမြန်းချက်များ သို့မဟုတ် စစ်တမ်းအတွက် မေးခွန်းများမှ အသေးစိတ် အချက်အလက်များကို အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်များကို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် အပေးအယူပြုလုပ်ခြင်းမပြုရ။

 

၄၁။    ဤဥပဒေအရသော်လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေအရသော်လည်းကောင်း တရားစွဲဆို ဆောင်ရွက်သည့် ကိစ္စရပ်မှတစ်ပါး စာရင်းအင်းဆိုင်ရာ အချက်အလက်များ ကောက်ယူစုဆောင်း ခြင်း၊ ပြုစုခြင်းနှင့် တရားဝင်စာရင်းအင်းများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းနှင့်သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသော မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူတို့နှင့်စပ်လျဉ်းသော သတင်းအချက်အလက်တစ်စုံ တစ်ရာကို ကြည့်ရှုရယူ လွှဲပြောင်းသုံးစွဲခွင့်မပြုရ။

 

၄၂။    မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ခြင်းမပြုရ-

 

          (က)   ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကောက်ယူစုဆောင်းသည့် စာရင်းအင်း ဆိုင်ရာအချက်အလက်များကို ပံ့ပိုးပေးအပ်ရန် လုံလောက်သော အကြောင်းပြချက် မရှိဘဲ ပျက်ကွက်ခြင်း သို့မဟုတ် တမင်သက်သက် ငြင်းဆိုခြင်း၊

 

          (ခ)     မှန်ကန်ခြင်းမရှိသည်ကို သိလျက်နှင့်သော်လည်းကောင်း၊ ယုံကြည်ရန် အကြောင်း ရှိလျက်နှင့်သော်လည်းကောင်း အကြောင်းအရာကို သို့မဟုတ် စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ပေးအပ်ခြင်း၊

 

          (ဂ)     စာရင်းအင်းဆိုင်ရာ အချက်အလက်များကို ကောက်ယူစုဆောင်းသူ တစ်ဦးဦးက ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စာရင်းအင်းဆိုင်ရာအချက်အလက်များ ကောက်ယူ စုဆောင်းခြင်းကို နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း။

 

                                                    အခန်း(၁၃)

 

ပြစ်မှုနှင့်ပြစ်ဒဏ်များ

 

၄၃။    စာရင်းအင်းဆိုင်ရာအကြီးအမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများနှင့် စာရင်းအင်း အချက်အလက် ပြုစုထုတ်ပြန်သူ မည်သူမဆို ပုဒ်မ ၃၇၊ ပုဒ်မ ၄၀ နှင့် ပုဒ်မ ၄၁ ပါ တားမြစ်ချက် ကိုဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ တစ်ဆယ့်ငါးသိန်းကျပ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ် ရမည်။

 

၄၄။    ဗဟိုစာရင်းအင်းအဖွဲ့၊ အစိုးရဌာနအဖွဲ့အစည်းတစ်ရပ်ရပ်နှင့် စာရင်းအင်း အချက်အလက် ပြုစုထုတ်ပြန်သူ မည်သူမဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်ဆယ်သိန်းထက် မပိုသော ငွေဒဏ် ချမှတ်ရမည်။

 

၄၅။    မည်သူမဆို ပုဒ်မ ၄၂ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အိမ်ထောင်စုဖြစ်ပါက ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်း ဖြစ်ပါက ကျပ်သိန်းတစ်ရာ ထက်မပိုသောငွေဒဏ်ကို လည်းကောင်း ချမှတ် ရမည်။

 

၄၆။    မည်သူမဆို ပုဒ်မ ၄၄ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက် ပုဒ်မ ၄၂ ပါ တားမြစ်ချက်ကို ဆက်လက်၍ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန် သည့် ပထမနေ့မှတစ်ပါး ဆက်လက်ကျူးလွန်သည့် နေ့ရက်များအတွက် ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အိမ်ထောင်စုဖြစ်ပါက တစ်ရက်လျှင် ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ကိုလည်း ကောင်း၊ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်းဖြစ်ပါက တစ်ရက်လျှင် ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ကိုချမှတ်ရမည့်ပြင် ပုဒ်မ ၄၂ (ခ) ပါတားမြစ်ချက်ကို ဖောက်ဖျက် ကျုးလွန်ခြင်းဖြစ်လျှင် မမှန်သော အကြောင်းအချက်များနှင့် သို့မဟုတ် မမှန်သော အဖြေများနှင့် သက်ဆိုင်သည့်ပြစ်မှုကို မှန်သောအကြောင်းပြချက် သို့မဟုတ် မှန်သောစာရင်း သို့မဟုတ် မှန်သောအဖြေပေးအပ်သည့် နေ့တိုင်အောင် ဆက်လက်ကျူးလွန်နေသည်ဟု မှတ်ယူ ရမည်။

 

၄၇။    မည်သူမဆို ဤဥပဒေ အခန်း (၁၂) ပါ ပုဒ်မ ၃၇ မှ ပုဒ်မ ၄၂ ထိ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျုးလွန်ရန်အားထုတ်ကြောင်းသော်လည်းကောင်း သို့မဟုတ် ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း သို့မဟုတ် ပူးပေါင်းကြံစည်ကြောင်းသော် လည်းကောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  သက်ဆိုင်ရာပြစ်မှုအတွက် သတ်မှတ်ထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်။

 

၄၈။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ဤဥပဒေအရ ပြုသည့်နည်းဥပဒေများ အရ လည်းကောင်း သဘောရိုးဖြင့် ဆောင်ရွက်သည့် သို့မဟုတ် ဆောင်ရွက်ရန်ကြံရွယ်သည့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ မည်သူ့ကိုမျှ တရားမမှု ဖြစ်စေ၊ ရာဇဝတ်မှုဖြစ်စေ၊ အခြားမှုခင်း ဖြစ်စေ မည်သည့်တရားရုံးတွင်မျှ မစွဲဆိုရ။

 

အခန်း(၁၄)

 

အထွေထွေ

 

၄၉။    ဤဥပဒေအရ စာရင်းအင်းဆိုင်ရာကိစ္စရပ်များအတွက် အချက်အလက်များ ပံ့ပိုးပေးအပ် ရန် ကိစ္စနှင့်စပ်လျဉ်း၍ -

 

(က)    အသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း ဖြစ်လျှင် ယင်းအသင်းအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးချင်းစီတွင်လည်းကောင်း၊ ဦးဆောင်အဖွဲ့၌ ပါဝင်သူ  တစ်ဦးချင်းစီတွင်လည်းကောင်း တာဝန်ရှိသည်ဟုမှတ်ယူရမည်။

 

(ခ)     စီးပွားရေးလုပ်ငန်းဖြစ်လျှင် ယင်းစီးပွားရေးလုပ်ငန်း၌ ပါဝင်သူ  တစ်ဦးချင်းစီတွင် တာဝန်ရှိသည်ဟုမှတ်ယူရမည်။

 

(ဂ)     ကုမ္ပဏီဖြစ်လျှင် ယင်းကုမ္ပဏီ၏ ဒါရိုက်တာတွင်လည်းကောင်း၊ အစုရှယ်ယာရှင် တစ်ဦးချင်းစီတွင်လည်းကောင်း တာဝန်ရှိသည်ဟုမှတ်ယူရမည်။

 

(ဃ)    အသင်းအဖွဲ့၊ အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် ကုမ္ပဏီတွင် ဤဥပဒေပါစာရင်းအင်းဆိုင်ရာကိစ္စရပ်များအတွက် ပံ့ပိုးရမည့်တာဝန်ကို ယင်း၏ ကိုယ်စားတစ်ဦးတစ်ယောက်အား လွှဲအပ်ထားကြောင်း စာရင်းအင်းဆိုင်ရာ အကြီး အမှူးထံ သတ်မှတ်ချက်နှင့်အညီ အမည်စာရင်းတင်သွင်း ပေးပို့ထားပြီး အမည် စာရင်းပယ်ဖျက်ထားသည့်အကြောင်းကြားစာကို စာရင်းအင်းဆိုင်ရာအကြီးအမှူး က လက်ခံရရှိခြင်းမရှိပါက ထိုသို့အမည်စာရင်း တင်သွင်းထားသူတွင် တာဝန်ရှိ သည်ဟု မှတ်ယူရမည်။

 

၅၀။    စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခြားတည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။

 

၅၁။    ပုဒ်မ ၄၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပုဒ်မ ၄၆ အရ တရားစွဲဆို ရာတွင် ဗဟိုကော်မတီ၏ ကြိုတင်ခွင့်ပြုမိန့်ရယူရမည်။

 

၅၂။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းတာဝန် ထမ်းဆောင်ရသူများသည် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်ဟု မှတ်ယူရမည်။

 

၅၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်း အဖွဲ့သည် -

 

            (က)           ဗဟိုကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။

 

             (ခ)  နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ဗဟိုကော်မတီဝင်များ၏ ချီးမြှင့်ငွေများ၊စရိတ်များအပါ           အဝင်ဗဟိုကော်မတီ၏ကုန်ကျစရိတ်များကိုဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်          အညီ  ကျခံရမည်။

 

၅၄။    ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

 

          (က)   ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

 

          (ခ)     ဗဟိုကော်မတီသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 

၅၅။    ဤဥပဒေဖြင့် ၁၉၅၂ ခုနှစ်၊ ဗဟိုစာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေ (အက်ဥပဒေ အမှတ် ၃၄/၁၉၅၂) ကို ရုပ်သိမ်းလိုက်သည်။

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်ုပ်လက်မှတ်ရေးထိုးသည်။             

 

 

 

 

 

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်