ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး
စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်
( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -
(က) ဒေါ်မမလေး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဆီးကျအင်း၊ မြေနီ (တောင်)၊ ပါးမဲကျေးရွာများကို လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ဂျာမနီနိုင်ငံ (KFW)ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိပြီး နိုင်ငံတကာ ချေးငွေလုပ်ထုံးလုပ်နည်းများနှင့် အညီ International Consultant Firm ငှားရမ်းနိုင်ရေး တင်ဒါခေါ်ယူ စိစစ်ပြီး၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ကျွမ်းကျင်သူများ၏ သဘောထား မှတ်ချက်များဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လတွင် စာချုပ်ချုပ် ဆိုပြီးပါက (KFW) ဘဏ် ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဇွန်လတွင် စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း ပြန်လည်ဖြေကြားသည်။
( ခ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်တွင် လေစွမ်းအားသုံး ဓာတ်အားပေးစက်ရုံ (Windmill) တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က နိုင်ငံအတွင်း ရရှိနိုင်သည့် လေအား အရင်းအမြစ်များကို စူးစမ်းလေ့လာ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လတ်တ လော အခြေအနေအရ ချင်းပြည်နယ်တွင် လေစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်း မြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းမှ (၁၀)မိုင်အတွင်းရှိ ကျေးရွာ များအား Transformer တပ်ဆင်ပေးပြီး ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က (၁၀)မိုင် အတွင်း ကျေးရွာ(၁၁)ရွာရှိသည့်အနက် ကျေးရွာ(၂)ရွာအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် အစိုးရ၏ရန်ပုံငွေတွင် ထည့်သွင်းလျာ ထားပြီး ကျန်ရှိသော ကျေးရွာ(၉)ရွာအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ဘဏ္ဍာငွေထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အား ပြန်လည် ဖြေကြားသည်။
(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၏ မြောက်ဘက်ပိုင်း ပီချောင်းဒေသကျေးရွာများ ဖြစ်သည့် ပီထု၊ ငါးဆောင်ဖက်၊ ပြိုင်းချောင်း၊ ရှင်ကြမ်း၊ ဝဲကြီးဒေါင့်၊ လင့်ဇင်ရွာသစ် ကျေးရွာများနှင့် ပီချောင်းဒေသကျေးရွာများကို မဟာဓာတ်အား လိုင်းမှ 11 KVA ဓာတ်အားလိုင်း နှင့်မီသည့် ကျေးရွာများကို 11 KVA နှင့် လည်းကောင်း၊ 11 KVA မမီသည့် ကျေးရွာများကို 33 KVA ဓာတ်အား ခွဲရုံ ဆောက်လုပ်ပြီး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က လိုအပ်သော ထရန်စဖော်မာ များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ဘဏ္ဍာငွေထည့်သွင်းလျာထား၍ ဘဏ္ဍာငွေရရှိမှု အပေါ် မူတည်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
(င) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ တောင်ကျ ချောင်းရေကြောင့် ပျက်စီးသွားသည့် မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေနှင့် မန်းကြိုးကျေးရွာကြားရှိ မန်းချောင်း ဘေလီတံတားအစား ဒီဇိုင်းနှင့် အရည်အသွေး ကောင်းမွန်ခိုင်ခံ့သော တံတားအသစ်တစ်စင်း အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် က လမ်း၊ တံတား များကို လူမှုတာဝန်သိမှုအစီအစဉ်ဖြင့် ခွင့်ပြုဘဏ္ဍာငွေအတွင်းမှ ပြုပြင် ပေးလျက်ရှိပြီး မန်းရေနံမြေနှင့် မန်းကြိုး ကျေးရွာကြားရှိ ဘေလီတံတားနှင့် ဆက်စပ်လမ်း(၁) မိုင်ခန့်အား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းနိုင်ရေး အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက် လျက် ရှိကြောင်း ဖြေကြားသည်။
(စ) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ် အတွင်းရှိ နတ်မတောင် အမျိုးသားဥယျာဉ်အား ခေါ်နူးစုမ် အမျိုးသားဥယျာဉ် အဖြစ် ပြောင်းလဲပေးရန်နှင့် ဥယျာဉ် ထိန်းသိမ်းရေးအတွက် လာရောက် လည်ပတ်သော ပြည်တွင်း/ပြည်ပ ခရီးသွားများထံမှ ဝင်ကြေးများ ကောက်ခံ အသုံးပြုခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က နတ်မတောင် အမျိုးသားဥယျာဉ်အား ခေါ်နူးစုမ် အမျိုးသားဥယျာဉ်အဖြစ် ပြောင်းလဲပေးရန် ဒေသခံပြည်သူလူထုထံမှ ပြောင်းလဲ ပြင်ဆင်လိုကြောင်း ဆန္ဒသဘောနှင့်အညီ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ အမည်ပြောင်းလဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အမျိုးသားဥယျာဉ် ဝင်ကြေး ကောက်ခံခြင်း၊ ရန်ပုံငွေ စာရင်းဖွင့်လှစ်ခြင်း၊ သုံးစွဲခြင်းနှင့် စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို စနစ် တကျဖြစ်စေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်းဆွေးနွေးခြင်း
၃။ ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦး က ဆွေးနွေးသည်။
အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၄။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၄င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင် တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ဧရာဝတီတိုင်းဒေသကြီး၊မဲဆန္ဒနယ်အမှတ်(၂) မှ ဦးစခင်ဇော်လင်း က ထောက်ခံပြီး အဆိုကို လက်ခံဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။
၅။ အစည်းအဝေးကို ၁၁၂၁ နာရီအချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၂၀-၁၁-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်