တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးအောင်မင်းနိုင်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ “အရေးပေါ်ကုသသူ ဆရာဝန်/ ဆရာမများ ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေးများ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောကြောင့် မေးမြန်းခြင်း။”
မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားအရေးပေါ်ကျန်းမာရေးအခြေအနေများဖြစ်ပွားလျက်ရှိရာ အရေးပေါ်အခြေအနေများတွင် ပထမအကူအညီနှင့် အခြေခံအသက်ကယ်နည်းလမ်းများကို သိရှိတတ်ကျွမ်းသူများ ပိုမိုလိုအပ်လျက်ရှိပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ Emergency Care Training and Basic Life Support သင်တန်းများကို မြို့နယ်အသီးသီးတွင် စနစ်တကျ ဖွင့်လှစ်သင်ကြားပေးရန်၊ သင်တန်းပြီးမြောက်သူများအား အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးရန်နှင့် ပြည်သူလူထု၏ အရေးပေါ်တုန့်ပြန်နိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် အရေးပေါ်လူနာများ၏ အသက်ရှင်နှုန်းတိုးတက်လာနိုင်ပါသည်။ ယာဉ်မတော်တဆမှုများနှင့် အခြားမတော်တဆမှုကဲ့သို့သော ဘေးအန္တရာယ်များတွင်လည်း ထိရောက်စွာကူညီနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအသိပညာများ၊ ပြည်သူလူထုနှင့် လူမှုအသိုင်းအဝိုင်း၏ အရေးပေါ်တုန့်ပြန်နိုင်စွမ်း မြင့်မားလာစေမည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ကုသသူ ဆရာဝန်/ဆရာမများ ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေးများမြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/ မရှိအားသိရှိလိုပါ၍ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းတင်ပြရခြင်းဖြစ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးအောင်မင်းနိုင် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ကုသသူ ဆရာဝန်/ ဆရာမများ အရေးပေါ်ပြုစုစောင့်ရှောက်မှုအရည်အသွေးများ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုများ၏ အရေးပေါ်စောင့်ရှောက်မှုစွမ်းရည်မြှင့်တင်နိုင်ရန်နှင့် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေများတွင် စံချိန်စံညွှန်းနှင့်အညီ အချိန်မီကုသပေးနိုင်ရန်ရည်ရွယ်၍ Emergency Care Training နှင့် Basic Life Support (BLS) Training များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သူနာပြုများကို အရေးပေါ်ကုသမှုများအား မဖြစ်မနေတတ်မြောက်ရမည့် ကုသမှုများအဖြစ်သတ်မှတ်ကာ ပြည်သူ့ဆေးရုံကြီးများ၌ သင်ကြားပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဆေးတက္ကသိုလ်များမှာလည်း Medical year 4 ၌ Basic Life Support သင်တန်းကို ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ပုံမှန်သင်ကြားပေးနေပြီး သူနာပြုများကိုလည်း သူနာပြုတက္ကသိုလ်များတွင် ဘွဲ့ကြိုသင်တန်းများမှာ တစ်နှစ်အနည်းဆုံး တစ်ကြိမ်စီနဲ့ လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် မွမ်းမံသင်တန်း(၁)ကြိမ်စီ ထပ်မံသင်ကြားပေးလျက်ရှိပါတယ်။
Emergency Care Training များကို အထူးအစီအစဉ်အနေနဲ. ဆေးတက္ကသိုလ်များရှိ အရေးပေါ်ကုသမှုဆေးပညာဌာနများမှ ပါမောက္ခများ ဦးဆောင်ကာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့သွားရောက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်၊ လက်ထောက်ဆရာဝန်များနဲ့ သူနာပြုများအတွက် သင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် ယခုအချိန်အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံမြို့နယ်တွေမှာ အထူးအစီအစဉ်အနေနဲ့ သင်တန်းများဆောင်ရွက်ပြီးဖြစ်ပါတယ်။ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါသင်တန်းများမှတစ်ဆင့် မြို့နယ်များ၌ ဆင့်ပွားသင်တန်းများကို အဆင့်ဆင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် သင်တန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကုသမှုဆေးပညာမဟာသိပ္ပံများကို ဆေးတက္ကသိုလ်များအလိုက် ဖွင့်လှစ်ကာ အရေးပေါ်ကုသမှုဆေးပညာဆိုင်ရာ အထူးကုဆရာဝန်များကို ပိုမိုမွေးထုတ်လျက်ရှိပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်များအတွက် အခြေခံအရေးပေါ်ကုသမှုဒီပလိုမာ(Online)သင်တန်းကိုလည်း လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးထားတာ ယခုဆိုလျှင် ဒုတိယနှစ်ရောက်ရှိပြီဖြစ်ပါတယ်။ သူနာပြုများအတွက်လည်း အရေးပေါ်သူနာပြုစုမှုပညာဒီပလိုမာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
ဒီလိုဆရာဝန်၊ သူနာပြုများအတွက်သာမက အထောက်အကူပြုကျန်းမာရေးဝန်ထမ်းများအတွက်လည်း ရှေးဦးအသက်ကယ်ပြုစုကုသမှုသင်တန်း (First Responder Course) သင်တန်းများကို လိုအပ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အရေးပေါ်ကုသမှုဆိုင်ရာသင်တန်းတွေက စာတွေ့သာမက လက်တွေ့ကျွမ်းကျင်မှုလိုအပ်တဲ့ သင်တန်းများဖြစ်တာကြောင့် သင်တန်းများဆောင်ရွက်ရာမှာလည်း အရည်အသွေးကောင်းမွန်စေရေးအတွက် ဆေးတက္ကသိုလ်များ၏ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခများက ဦးဆောင်ကာ သင်ကြာရေးအထောက်အကူပြုပစ္စည်းများ အပြည့်အစုံဖြင့် နိုင်ငံတကာသင်ရိုးညွန်းတမ်းများနှင့်အညီ သင်ကြားပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
Emergency Care Training နှင့် Basic Life Support(BLS) Training များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်တိုးတက်မှုနှင့်အညီ ပိုမိုတိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။