Share this

ဦးသိန်းမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာရှိ ပက်ကလက်တူးမြောင်းနှင့် စံပယ်ဂူလမ်းဘေးတူးမြောင်းအနီးတွင် ရေထိန်းတံခါးတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်"စပ်လျဉ်းသည့်မေးခွန်း

Monday, July 20, 2026 - 14:10
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Thein Myint

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးသိန်းမြင့်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ၊ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်ဖြစ်ပါသည်။

ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စုတွင် တည်ရှိသော ပက်ကလက်တူးမြောင်းနှင့် စံပယ်ဂူလမ်းဘေးတူးမြောင်းအား ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တူးဖော်ပေးခဲ့ရာ ၎င်းတူးမြောင်းနှင့် စုဆုံရာနေရာဖြစ်သော ပက်ကလက်တံတားမှာ ဟောင်းနွမ်းပျက်စီးနေပြီး အဆိုပါနေရာတွင် ရေထိန်းတံခါးတည်ဆောက်ပေးပါက နွေရာသီတွင် အတ္ထရံမြစ် ဒီရေဝင်ရောက်လာသည့်နှင့်အမျှ ရေထိန်းတံခါးမှ ရေသိုလှောင်ထားနိုင်၍၊ ကလိုင်းကနိုင်ကျေးရွာရှိ ကွင်းအမှတ်(၅၈၀-က)၊ (၅၈၀) ကျောက်တောင်ကွင်းနှင့် ကတုံကြပ်ကွင်းရှိ မြေဧရိယာ(၃၀၀)ဧကခန့်၊ ရှင်စောပုရပ်ကွက်ရှိ ကွင်းအမှတ် (၅၇၉-ခ) ကျုံဖဲ့ကွင်း၊ မြေဧရိယာ (၁၅၀)ဧကခန့်၊ စုစုပေါင်းဧရိယာ(၄၅၀)ဧကခန့်အား နွေစပါး၊ ဆောင်းသီးနှံဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် အဆိုပါနေရာတွင် ရေထိန်းတံခါးအား တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးသိန်းမြင့် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်‌ဗိုလ်ကျော် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။

အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာရှိ ပက်ကလက်တောင်တူးမြောင်းနှင့် စံပယ်ဂူလမ်းဘေးတူးမြောင်းအနီးတွင် ရေထိန်းတံခါးတည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။

ပက်ကလက်တောင် ပင်မတူးမြောင်းမကြီးနှင့် စံပယ်ဂူကားလမ်းအနီးရှိ ပက်ကလက်တောင်တူးမြောင်းနှစ်ခုသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စုတွင်တည်ရှိပြီး ရေကြီးနစ်မြုပ်မှုလျော့နည်းသက်သာစေရန်နှင့် မိုးစပါး(ရေကျနောက်စိုက်) အောင်ရေရရှိစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်နယ်ရန်ပုံငွေဖြင့် တူးဖော်ပေးခဲ့ပါတယ်။

အဆိုပါ ပင်မတူးမြောင်းမကြီးနှင့် ပက်ကလက်တောင်တူးမြောင်း နှစ်ခုပေါင်းဆုံရာနေရာ၏ အောက်ဘက် ပေ(၁၀၀) အကွာတွင် သစ်သားတံတားကို ကျေးရွာမှ ကိုယ်ထူကိုယ်ထတည်ဆောက်ထားပြီး လူကူးတံတားအဖြစ် အသုံးပြုလျက်ရှိပါတယ်။

ပက်ကလက်တောင် တူးမြောင်းပေါ်ရှိ သစ်သားတံတားမှာ ဟောင်းနွမ်းပျက်စီးနေ၍ (၆'×၆')ရေတံခါးပေါက် (၅)ပေါက်ပါဝင်ပြီး အကျယ်(၁၃)ပေရှိသော ရေထိန်းတံခါးတစ်ခု အစားထိုးတည်ဆောက်ပေးခြင်းဖြင့် မိုးရာသီကုန်ဆုံးချိန်တွင် အတ္တရံမြစ်မှ ရေချိုကို သွင်းယူပြီး-

• ကလိုင်းကနိုင်ကျေးရွာ ကွင်းအမှတ် (၅၈၀-က)၊ (၅၈ဝ) ကျောက်တောင်ကွင်းနှင့် ကတုံကြပ်ကွင်းရှိ မြေဧရိယာ (၃ဝဝ)ဧကခန့်နှင့်

• ရှင်စောပုရပ်ကွက် ကွင်းအမှတ် (၅၇၉-ခ) ကျုံဖဲ့ကွင်းရှိ မြေဧရိယာ(၁၅၀)ဧကခန့်၊

စုစုပေါင်းမြေဧရိယာ (၄၅၀) ဧကခန့်အား နွေစပါး၊ ဆောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်မည်ဖြစ်သည့်အပြင် တောင်သူများအနေဖြင့် လယ်ယာကုန်ထုတ်လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအတွက် တံတားအဖြစ်ဖြင့် ရေထိန်းတံခါးပေါ်မှ အဆင်ပြေချောမွေ့စွာ ကူးသန်းသွားလာနိုင်မှာ ဖြစ်ပါတယ်။

ပက်ကလက်တောင်တူးမြောင်းပေါ်ရှိ သစ်သားတံတား၏ လက်ရှိအခြေအနေ မှတ်တမ်းဓာတ်ပုံများအား တင်ပြအပ်ပါတယ်။

ပက်ကလက်တောင် တူးမြောင်းပေါ်တွင် ရေထိန်းတံခါးတည်ဆောက်မည့် တည်နေရာပြမြေပုံအား တင်ပြအပ်ပါတယ်။

သို့ဖြစ်ပါ၍ ပက်ကလက်တောင် တူးမြောင်းပေါ်တွင် ရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် စီမံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။