Share this

ဦးရခွီဖုန်(Rakwi Pung)၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုပြည်သူ့ဆေးရုံအား ခုတင်(၁၀၀)ဆံ့ဆေးရုံမှ ခုတင်(၃၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 20, 2026 - 14:15
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U RaKwi Pheng

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရခွီဖုန်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

ပူတာအိုခရိုင်သည် မြန်မာနိုင်ငံမြောက်ဖက်အစွန်ဆုံးတွင်တည်ရှိပြီး၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ်(၅)မြို့နယ်တွင် လူဦးရေ(၁၁၀,၂၀၉) ဦးနေထိုင်ပါသည်။ ပူတာအိုပြည်သူ့ဆေးရုံသည် လူနာအချို့ကို ကုသရန်ဆေးဝါးနှင့် ဆေးရုံကိရိယာမပြည့်စုံခြင်း၊ အထူးကုဆရာဝန်မပြည့်စုံခြင်းတို့ကြောင့် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်မြို့သို့ ဆေးကုသရန်ညွှန်းရပါသည်။ လေယာဉ်နေရာမရနိုင်ခြင်း၊ လေယာဉ်ခကြီးမားခြင်း၊ ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် ဆေးကုသရန်အခက်အခဲရှိနေပါသည်။ သို့ဖြစ်၍ ကုတင်(၁၀၀) ပူတာအိုပြည်သူ့ဆေးရုံကို ကုတင်(၃၀၀)ဆေးရုံအဖြစ် မြှင့်တင်ပေးရန်အစီအစဉ် ရှိ/မရှိမေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရခွီဖုန် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုပြည်သူ့ဆေးရုံအား ခုတင်(၁၀၀)ဆံ့ဆေးရုံမှ ခုတင်(၃၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ (၁)ရုံ၊ (၂၅)ခုတင်ဆံ့ မူးယစ်ဆေးစွဲရောဂါကုဆေးရုံ(၁)ရုံ၊ မူလာရှီဒီတိုက်နယ်ဆေးရုံ၊ လုံရှာယန်တိုက်နယ်ဆေးရုံနှင့် မန်စေတိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ(၅)ရုံ ဖွင့်လှစ်ထားရှိပါတယ်။ ပူတာအိုပြည်သူ့ဆေးရုံမှာ ခုတင်(၅၀၀)ဆံ့မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးနှင့်(၂၁၈)မိုင်ကွာဝေးပြီး၊ ပူတာအိုမြို့မှ မြစ်ကြီးနားမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်သာ သွားရောက်ရပြီး (ကြာချိန် ၄၅ မိနစ်)ခန့်ရှိပါတယ်။ ပူတာအိုပြည်သူ့ဆေးရုံ၏ (၃)နှစ်အတွင်း တစ်ရက်(၃)နှစ်စာ ပျမ်းမျှအတွင်း လူနာဦးရေမှာ(၄၀)ဦးနှင့် ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းမှာ (၄၀%)ရှိပါကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းမှာ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောမူအရ ခုတင်(၁၀၀)မှ ခုတင်(၂၀၀)အဆင့်သို့ ဦးစွာတိုးမြှင့်ပေးရမည်ဖြစ်ပြီး၊ အဆင့်မြှင့်တင်ရန် ခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိနေပါ၍ လတ်တလော ဆေးရုံအဆင့်မြှင့်တင်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။