တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးမျိုးသန့်
ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံကာ နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ရှေးရှုကြိုးပမ်းလျှက်ရှိသော နိုင်ငံဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေလယ်/ယာများသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျှက်ရှိပါသည်။ ထို့အတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေစီးကြောင်းပြောင်းလဲမှုနှင့် သဘာဝဖြစ်စဉ်များအရ ပေါ်ထွန်းဖြစ်တည်လာသည့် နုန်းတင်မြေနုကျွန်းများနှင့်ပတ်သက်သည့် ပိုင်ဆိုင်သူအငြင်းပွားမှုများသည် မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများအကြား အဖြစ်များသည့်ပြသနာတစ်ရပ်ဖြစ်နေသည့်အပြင် တောင်သူလယ်သမားများအနေဖြင့် အစိုးရ၏လုပ်ငန်းစီမံခန့်ခွဲမှုများအပေါ် ယုံကြည်မှုနည်းအထင်မြင်လွဲမှားစေသည်အထိ ပြသနာမှာ တစ်စတစ်စကြီးထွားဖြစ်ပွားလျက်ရှိနေပါသည်။
လက်ရှိတွင် ကျင့်သုံးနေသော ၂၀၁၂ ခုနှစ် လယ်ယာမြေနည်းဥပဒေတွင် မြေနုကျွန်းနည်းဥပဒေနှင့်ပတ်သက်၍ အချို့လုပ်ပိုင်ခွင့်ပြဌာန်းချက်များအရ ဧရာဝတီတိုင်းဒေသကြီးရှိ မြစ်ဝကျွန်းပေါ်ဒေသများတွင် “ယမန်နှစ်က မိမိစိုက်ပျိုးခွင့်ရရှိပြီး မိမိအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သော မြေနုကျွန်းနေရာအား ယခုနှစ်ရေပြန်ကျချိန်တွင် အခြားသူတစ်ဦး ဝင်ရောက်စိုက်ပျိုးခွင့်ရနေမှုများကြောင့် လယ်မဲ့ယာမဲ့တောင်သူလယ်သမားအချင်းချင်း နှစ်စဉ်ရန်ပွဲများဖြစ်ပွားကာ လူသတ်မှုများအထိပင်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ သတင်းပို့တင်ပြချက်အရလည်းကောင်း၊ ကွင်းဆင်းလေ့လာချက်များအရလည်းကောင်း သိရှိခဲ့ပါသည်။
အထက်ဖော်ပြပါဥပဒေတွင် နုန်းတင်မြေနုကျွန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း လယ်ယာမြေနည်းဥပဒေများဖြင့် ပြဋ္ဌာန်းဖော်ပြထားပါသည်-
(၁) မြေနုကျွန်းလုပ်ပိုင်ခွင့်။ “မြေနုကျွန်းမြေများသည်လည်းကောင်း၊ မြေနုကျွန်းမြေ သို့မဟုတ် ကမ်းခြေနှင့်ဆက်စပ်၍ပေါ်ထွန်းလာသော မြေနုများသည်လည်းကောင်း အရွယ်အစားအားဖြင့်ဖြစ်စေ၊ တည်နေရာအားဖြင့်ဖြစ်စေ၊ ပုံသဏ္ဍန်အားဖြင့်ဖြစ်စေ နှစ်စဉ်နှစ်တိုင်းပြောင်းလဲလေ့ရှိသဖြင့် ပေါ်ထွန်းသောမြေနုကျွန်းမြေနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်”ဟု နည်းဥပဒေ(၁၀၃) တွင် ပြဋ္ဌာန်းထားရှိပါသည်။
(၂) လုပ်ပိုင်ခွင့်ကာလ။ မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာ ချထားရမည်ဖြစ်ပြီး နှစ်စဉ်နွေထည်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင် ကြိုတင်စီမံထားရမည်ဟု နည်းဥပဒေ(၁၀၄)တွင် ပြဌာန်းထားရှိပါသည်။
(၃) လုပ်ပိုင်ခွင့်နယ်နိမိတ်။ နည်းဥပဒေပုဒ်မ ၁၀၅ တွင် နည်းပုဒ်မခွဲ (က) မှ (ဃ) အထိ ပြဌာန်းထားရှိပြီး နည်းဥပဒေပုဒ်မခွဲ (ဃ) တွင် “စိုက်ပျိုးနိုင်သော မြေသားနယ်နိမိတ်ကိုယ်တိုင်းတာ၍ မြေပုံသတ်မှတ်ရေးဆွဲခြင်းနှင့် ဧရိယာတွက်ချက်ခြင်းများ ဆောင်ရွက်ပြီး တွက်ချက်ရရှိသော ဧရိယာအပေါ် အခြေခံရမည်ဟု” ပြဋ္ဌာန်းထားရှိပါသည်။
(၄) လုပ်ပိုင်ခွင့်ရှိသူများ။ နည်းဥပဒေပုဒ်မ ၁၀၆ တွင် နည်းဥပဒေ ပုဒ်မခွဲ (က) မှ (စ) အထိ ပြဌာန်းထားရှိပြီး နည်းဥပဒေပုဒ်မခွဲ (က) တွင် “ယခင်နှစ်က လုပ်ပိုင်ခွင့်ချထားပေးခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်၊ သို့ရာတွင် ယင်းအချက်ကို အဓိကအခြေခံ၍ သတ်မှတ်ခြင်း မပြုရ” ဟု လည်းကောင်း၊ နည်းဥပဒေပုဒ်မခွဲ (ခ)တွင် “မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးဟု သတ်မှတ်သည့် ကျေးရွာမှ စီးပွားရေး စစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားပေးရန် ရွေးချယ်ရမည်” ဟု လည်းကောင်း၊ နည်းဥပဒေပုဒ်မခွဲ (င) တွင် “တောင်သူလယ်သမားအိမ်ထောင်သားစု တစ်စုအတွက် သတ်မှတ်လျာထားသည့် ဧရိယာအတိုင်းအကွက်များရိုက်၍ အမှတ်စဉ်တပ်ထားရမည်” ဟုလည်းကောင်း၊ နည်းဥပဒေပုဒ်မခွဲ (စ) တွင် “ရွေးချယ်ထားသည့် တောင်သူလယ်သမား အိမ်ထောင်သားစုများအား ယင်းတို့၏ ကျေးရွာနှင့် နီးစပ်ရာအကွက်များကို မဲစနစ်ဖြင့် ချထားပေးရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။
မြေပြင်ကွင်းဆင်းလေ့လာမှုများအရလည်းကောင်း ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒေသခံလယ်မဲ့ယာမဲ့များနှင့် တောင်သူလယ်သမားများ၏ တင်ပြချက်များအရလည်းကောင်း လက်ရှိကျင့်သုံးလျှက်ရှိသော အထက်ပါနည်းဥပဒေပြဋ္ဌာန်းချက်များသည်
ပြည့်စုံကောင်းမွန်မှု ရှိသော်လည်း မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းပြဿနာများမှာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာရုံသာမက နိုင်ငံ၏လမ်းပြဦးဆောင်ရာအဖွဲ့အစည်းဖြစ်သော အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှုများကိုပင် အယုံအကြည်နည်းကာ အားကိုးလိုစိတ်လျော့ပါးလာကြသည့် အခြေအနေထိပင် ရောက်ရှိနေပါသည်။
ဥပဒေဟူသည် လူ/ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုတို့အားဖြစ်စေ၊ယင်းတို့၏ လုပ်ဆောင်မှုများအပေါ်၌ဖြစ်စေ အကာအကွယ်ပေးခြင်းနှင့် စနစ်တကျရှိစေခြင်းတို့အတွက်ရည်ရွယ်ကာ လူ့ဘောင်အဖွဲ့အစည်းအတွက် မရှိမဖြစ်ပြဋ္ဌာန်းချက်များဖြစ်ပြီး နားလည်ရန်ခက်ခဲသော ဥပဒေပြဋ္ဌာန်းချက်များကြောင့် ပညာမဲ့၊ လယ်မဲ့ယာမဲ့ဒေသခံလူတန်းစားများအပေါ် ဥပဒေအားလက်တစ်လုံးခြားပြု၍ မသမာသူများ၏နိုင်ထက်စီးနင်းပြုခြင်းနှင့် အဂတိမှုများကျူးလွန်ခြင်းများမရှိစေရန် မြစ်ဝကျွန်းပေါ်ဒေသနေ ဒေသခံလယ်မဲ့ယာမဲ့များနှင့် တောင်သူလယ်သမားများကိုယ်စား အထက်ပါ နည်းဥပဒေပြဌာန်းချက်အချို့အား နောက်ဆက်တွဲပါအတိုင်း ပြင်ဆင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအား လေးစားစွာတင်ပြအပ်ပါသည်။