တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးစောသွင်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင်၊ အိမ်ထောင်စု (၁,၂၁၅)စုနှင့် လူဦးရေ (၄,၀၃၃) ဦး ရှိပါသည်။ ၁၉၈၀ - ၈၁ ခုနှစ်မှစ၍ ကုတင် (၁၆) လုံးဆံ့တိုက်နယ်ဆေးရုံတစ်ခုကို ကိုယ်အားကိုယ်ကိုးကာ တည်ဆောက်ခဲ့ပါသည်။ နှစ်ပေါင်း(၆ဝ)ကျော် ကြာခဲ့ပြီဖြစ်ပါသည်။
ထိုစဉ်က ရွာသာယာတိုက်နယ်ဆေးရုံသို့ တက်ရောက်ကြရသော ကျေးရွာအုပ်စု(၂၅)အုပ်စုတွင်၊ မိသားစု (၂,၄၅၃)စုနှင့် လူဦးရေ (၁၀,၃၀၂)ဦးသာ ရှိခဲ့ပါသည်။ ယခုအခါတွင် ယင်းကျေးရွာအုပ်စု (၂၅)အုပ်စုတွင် မိသားစု (၆,၅၇၂)စုနှင့် လူဦးရေ (၂၂,၃၁ဝ)ဦး ရှိလာပြီဖြစ်ပါသည်။ ထိုမျှသာမက၊ နီးစပ်ရာမြို့နယ်၊ ကျေးရွာများမှလည်း ပြင်ပလူနာ/ အတွင်းလူနာအဖြစ် လာရောက်ကုသနေလျက်ရှိပါသည်။
ဥက္ကဌကြီးခင်ဗျား-
ရွာသာယာကျေးရွာအုပ်စု တိုက်နယ်ဆေးရုံတွင်၊ ဆရာဝန် (၁)ဦး၊ အထက်တန်းသူနာပြု (၂)ဦး၊ အငယ်တန်းသူနာပြု (၂)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁)ဦး၊ ဓာတ်ခွဲ (၁)ဦး၊ ဆေးစပ် (၁)ဦးနှင့် အထွေထွေ (၄)ဦး ရှိပါသည်။ အားလုံးပင် နေ့မအား၊ ညမနား ဆောင်ရွက်ကြရပါသည်။ လာရောက်သည့် လူနာဦးရေမှာ ၂၀၂၁ ခုနှစ်တွင် (၂,၉၀၃)ဦး၊ ၂၀၂၂ ခုနှစ်တွင် (၂,၈၅၄)ဦး၊ ၂၀၂၃ ခုနှစ်တွင် (၃,၀၆၀)ဦး၊ ၂၀၂၄ ခုနှစ်တွင်(၂,၈၃၀)ဦးနှင့် ၂၀၂၅ ခုနှစ်တွင် (ယနေ့ထိ) (၁,၇၇၂)ဦး ရှိပါသည်။
ဆေးရုံ၏အခြေအနေမှာ လူနာ ကျား/ မ ဆောင် သီးခြားမရှိခြင်း၊ မွေးပြီးစ မိခင်နှင့် ကလေးများအတွက် သီးသန့်အဆောင်/ အခန်းမရှိခြင်း၊ ကူးစက်ရောဂါလူနာဆောင် သီးသန့်မရှိခြင်း၊ သန့်စင်ခန်း/ ရေချိုးခန်းဟူ၍ အုတ်ကန်တစ်လုံးသာရှိခြင်း၊ ခေါင်းရင်းမြှင့်ခုတင်မရှိခြင်း၊ လူနာသုံးစားပွဲငယ်များမရှိခြင်း၊ လူနာများကို တစ်ဦးနှင့် တစ်ဦး ၃', ၄' ကွာထားရမည်ဖြစ်သော်လည်း ကျုပ်ထဲကျွဲပြည့်ဆိုသလိုဖြစ်နေခြင်း၊ အလင်းရောင်နှင့် လေဝင်လေထွက်မှာလည်း တံခါးများယိုယွင်းနေသဖြင့် ထိန်းသိမ်းနိုင်ခြင်းမရှိခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ဥက္ကဋ္ဌကြီးခင်ဗျာ-
မည်သို့ပင်ကြုံတွေ့ရပါသော်လည်း ရွာသာယာကျေးရွာအုပ်စု ပြည်သူများအနေဖြင့် မိမိဆေးရုံသို့ အားကိုးပြီးရောက်လာသူများကို စားသောက်နေထိုင်ရေးအဆင်ပြေစေရန် အစွမ်းကုန်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ သွေးလှူရှင်ဖွဲ့စည်းထားရှိခြင်း၊O2 ပင်တိုင် အလှူရှင်ရှိခြင်း၊ လူမှုကူညီမှုအသင်းဖွဲ့စည်းထားရှိခြင်း၊ သွပ်မိုး ထရံကာ လေးပင်,သုံးပင်ဆင့်ထိုးအဆောက်အဦတစ်ခုဆောက်လုပ်ထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိပါသည်။
ရွာသာယာကျေးရွာအုပ်စုအနေနှင့် ဤကဲ့သို့ပင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ခုတင်(၁၆)လုံးဆံ့ ကိုယ်အားကိုယ်ကိုးဆေးရုံအဖြစ် ရပ်တည်လာခဲ့သည်မှာ အနှစ်(၆၀)ကျော်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ယခုအခါတွင် ဝန်နှင့်အား မမျှဖြစ်နေပါပြီ။ ပညာအား၊ ဓနအား လိုက်မမီနိုင်အောင် ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ စံမီသော (၂၅)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးပါရန် ယုံကြည်အားကိုးတောင်းဆိုလိုပါကြောင်းနှင့် ဖွင့်လှစ်ပေးနိုင်ရန် ရှိ/မရှိကိုလည်း လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်ခင်ဗျား။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးစောသွင် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး(၁)ရုံ၊ (၂၅)ခုတင်ဆံ့ စကုဆေးရုံ(၁)ရုံ၊ ရွာသာယာတိုက်နယ်ဆေးရုံနှင့် မုန်တောင်တိုက်နယ်ဆေးရုံ၊ စုစုပေါင်း ဆေးရုံ(၄)ရုံဖွင့်လှစ်ထားရှိပါတယ်။ ရွာသာယာတိုက်နယ်ဆေးရုံသည် မကွေးပြည်သူ့ဆေးရုံကြီးနှင့် (၁၁)မိုင်၊ မင်းလှမြို့နယ်ဆေးရုံနှင့်(၁၀)မိုင်၊ မင်းဘူးပြည်သူ့ဆေးရုံကြီးနှင့် (၉)မိုင်ခန့်သာကွာဝေးပါတယ်။ ရွာသာယာတိုက်နယ်ဆေးရုံ၏ (၃)နှစ်အတွင်း တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေမှာ (၈)ဦးသာရှိပြီး၊ ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းမှာ (၄၉%)သာရှိပါကြောင်း စိစစ်တွေ့ရှိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်များအရ ဆေးရုံအဆင့်မြှင့်တင်ရန် (၃)နှစ်အတွင်း ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိပါသဖြင့် လတ်တလော(၂၅)ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များ တိုးတက်လာပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အချိန်တွင် ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ပါကြောင်း လက်ရှိတွင်လည်း လိုအပ်လျက်ရှိသည့် ဆေးရုံအဆောက်အအုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။