တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးစိုးကြည်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ဥက္ကဋ္ဌကြီးခင်ဗျာ ကျွန်တော်အနေနှင့် လိုအပ်သည့်နေရာများ၌ Power Point သုံးခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါသည်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ
ကျွန်တော်၏ မဲဆန္ဒနယ်မြေအတွင်း၌ ပါဝင်သောတနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက်၊ သုခ(၃)လမ်းတွင်တည်ရှိသည့် အ.ထ.က(၉)အခြေခံပညာအစိုးရ အထက်တန်းကျောင်း၏ မြေအကျယ်အဝန်းသည် (၆)ဧကခန့် ကျယ်ဝန်း၍ ဆရာ/ဆရာမ(၅၀)ဦး ပညာသင်ကြားပေးလျက်ရှိပြီး အဆိုပါကျောင်းတွင် ကျောင်းသူ/သားပေါင်း (၂၇ဝဝခန့်) တက်ရောက်ပညာသင်ယူနေသော ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါသည်။
အ.ထ.က(၉) အခြေခံပညာအစိုးရအထက်တန်းကျောင်းကြီးသည် မိုးများရာဒေသဖြစ်သည့် အရပ်ဒေသတွင် တည်ရှိသည့်အတွက် နှစ်စဉ်မိုးရာသီတွင် ရေကြီး၊ ရေလျှံခြင်းများကြောင့် ကျောင်းဝင်းအတွင်းရှိ လမ်းများပျက်စီးယိုယွင်းနေပြီး ဆရာ/မများ၊ ကျောင်းသူ/သားများနှင့် မိဘအုပ်ထိန်းသူများသွားလာရန် ခက်ခဲပင်ပန်းလျက်ရှိပါသည်။ ကျောင်းတွင်းသို့ အဝင်ဖြစ်သောလမ်းသည် မြေသားလမ်းဖြစ်ပြီး (၈၂ဝ)ပေခန့် ရှည်လျားပါသည်။ အဆိုပါလမ်းသည် ကျောင်းစတင်တည်ထောင်စဉ်အချိန်ကစ၍ ယနေ့တိုင် မြေသားလမ်းအဖြစ်သာရှိပြီး နှစ်စဉ်မိုးရာသီ၌ ရေကြီး၊ ရေလျှံမှုများကြောင့် လမ်းများပျက်စီးကာ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများသွားလာရန် ခက်ခဲလျက်ရှိသည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။
ဆက်လက်ပြီး အောင်မင်္ဂလာ အ.ထ.က(၉)သည် အစိုးရအထက်တန်းကျောင်းကြီးတစ်ကျောင်းဖြစ်သည့်အတွက် နေ့စဉ်ကျောင်းဆရာ/မများ ပညာရေးဝန်ထမ်းများ၏ လုံခြုံရေး၊ နေ့စဉ်ကျောင်းတက်လျက်ရှိသော ကျောင်းသူ၊ကျောင်းသားများ၏ လုံခြုံရေးအပြင် ကျောင်းပိုင်ပစ္စည်းလုံခြုံရေးနှင့် ကျောင်းနယ်နိမိတ်လုံခြုံရေးသည် အလွန်အရေးကြီးပါသည်။ လွန်ခဲ့သော(၃)နှစ်ခန့်ကစ၍ ပြိုကျပျက်စီးလျက်ရှိသော ကျောင်းခြံစည်းရိုးအုတ်တံတိုင်းများ၊အသစ်ပြုလုပ်ရန် ကျန်ရှိသော ခြံစည်းရိုးအုတ်တံတိုင်းများ (၈၁၉)ပေအား ယခုကျောင်းစာသင်နှစ်အတွင်း ပြုလုပ်ပေးသင့်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ သုခ(၃)လမ်း အ.ထ.က(၉) အောင်မင်္ဂလာ အစိုးရအထက်တန်းကျောင်းကြီးအတွင်း၌ ပျက်စီးလျက်ရှိသော မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ်ပြုလုပ်ပေးခြင်းနှင့် ခြံစည်းရိုး အုတ်တံတိုင်းများ ကာရံပေးခြင်းလုပ်ငန်းကို ယခုစာသင်နှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် အကယ်၍ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါက မည်သည့်အချိန်ကာလအတွင်း ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးစိုးကြည်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးစိုးကြည်၏ “တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်၊ သုခ(၃)လမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးလျက်ရှိသော မြေသားလမ်း (၈၂ဝ)ပေအား ကွန်ကရစ်လမ်းခင်းပေးရန်၊ ပြိုကျပျက်စီးနေပြီဖြစ်သော ကျောင်းခြံစည်းရိုး အုတ်တံတိုင်းနှင့် အသစ်ပြုလုပ်ရန် ကျန်ရှိသော ကျောင်းခြံစည်းရိုး အုတ်တံတိုင်း (၈၁၉)ပေအား ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလအတွင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဖြေဆိုတင်ပြသွားမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၈၉၁.၈၅၀)သန်းဖြင့် အန္တရာယ်ကျောင်းဆောင်များဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁၃)ခု၊ တိုးတက်လာသောကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၅)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း(၂)ခု၊ ဆရာ ဆရာမဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ ရုံးများ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ တဲသာသာရှိသောကျောင်းများအတွက် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၃)ခု၊ ကျောင်းများလုံခြုံမှုရှိစေရေးအတွက် အုတ်တံတိုင်းများ ဆောင်ရွက်ခြင်းလုပ်ငန်း (၂)ခု၊ သိပ္ပံဆောင်များအသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၈)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁၃)ခု၊ စုစုပေါင်းလုပ်ငန်း(၄၈)ခုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၃)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၂)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း(၁)ခု၊ ရုံးများ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ စာကြည့်တိုက်များအသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၄)ခု၊ စုစုပေါင်းလုပ်ငန်း(၁၂)ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၅၄၈၁.၈၀၀)သန်း ပါဝင်ကြောင်း တင်ပြလိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား (၁၆၂၆)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား (၆၀၅)ဦး၊ အထက်တန်းအဆင့်ကျောင်းသား (၁၆၁)ဦး၊ စုစုပေါင်း ကျောင်းသား (၂၃၉၂)ဦး ရှိပြီး ဝန်ထမ်းအင်အားအနေဖြင့် ကျောင်းအုပ်(၁)ဦး၊ ထက်ဆင့်သင်ဆရာ (၁၃)ဦး၊ လယ်ဆင့်သင်ဆရာ (၁၅)ဦး၊ မူဆင့်သင်ဆရာ (၂၂)ဦး နှင့် ကျောင်း/ရုံးဝန်ထမ်း (၅)ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား (၅၆)ဦးရှိပါတယ်။
အဆိုပါကျောင်းတွင် ကျောင်းခြံစည်းရိုး ပတ်လည် (၂၂၀၀)ပေရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် (၇၀၀)ပေ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်(၄၃၀)ပေအား ဌာနရန်ပုံငွေဖြင့် ကာရံခဲ့ပြီး (၂၅၁)ပေအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကာရံထားပြီးဖြစ်ပါကြောင်း တွေ့ရှိရတဲ့အတွက် လိုအပ်သည့် (၈၁၉)ပေအား အုတ်တံတိုင်း ကာရံပေးနိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ဖြင့်လည်းကောင်း၊ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးနေသော ကျောင်းအဝင်လမ်း (၈၂၀ ပေ x ၄ ပေ x ၃ လက်မထု)အား ကွန်ကရစ်လမ်းခင်းပေးရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်ဖြင့်လည်းကောင်း ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။