Share this

ဦးကျော်ဇင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈)၏ "စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင် ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီ ဆီချဆိပ်ကမ်းတစ်ခုအရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အခက်အခဲများကြောင့် တည်ဆောက်မပေးနိုင်သည်ကို သိရှိလိုခြင်း"နှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, July 16, 2026 - 12:38
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Kyaw Zin Tun

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) မှ ဦးကျော်ဇင်ထွန်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကမ်းဘေးတွင်တည်ရှိပြီး ကုန်းလမ်း၊ ရေလမ်းဆုံရာ စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ ဖြစ်ပါသည်။

ယခုအခါ စက်သုံးဆီများကို ရေယာဉ်များဖြင့်သယ်ယူကြပြီး စက်သုံးဆီတင်မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည့် စနစ်ကျသောဆိပ်ကမ်း၊ တစ်နည်းအားဖြင့် ဆီချဆိပ်ကမ်း (Oil Jetty)များ မရှိခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖလှယ်ချယူနေကြရပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နေခြင်းများကြောင့် စက်သုံးဆီများ မြစ်ရေသို့ဖိတ်စင်ပြီး ရေထုညစ်ညမ်းခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းနှင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ရပါသည်။

(၂၆.၃.၂၀၂၆)ရက်နေ့တွင် စက်သုံးဆီတင်မော်တော်ယာဉ်များ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘီလီယံပေါင်းများစွာ ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့ရပါသည်။ ထို့အတူ (၂၀.၄.၂၀၂၆)ရက်နေ့တွင်လည်း အလားတူ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အပြင် မြို့ပြပြည်သူများမှာလည်း အထိတ်တလန့်ဖြစ်ခဲ့ရပါသည်။

အဆိုပါဖြစ်ရပ်များမှာ စနစ်ကျသော ဆိပ်ကမ်းမရှိခြင်းကြောင့် ကုန်တင်ကုန်ချမှု (Systematic unloading) အားနည်းခြင်း၊ အချိန်ကြန့်ကြာခြင်းနှင့် လုပ်အားခပိုမိုပေးဆောင်ရခြင်းအပြင် မလိုလားအပ်သော မီးဘေးအန္တရာယ်ကျရောက်မှုများ ဖြစ်ပွားခဲ့ရပါသည်။

စနစ်ကျ၍ အန္တရာယ်ကင်းသော Safety ဆိပ်ကမ်းတည်ဆောက်ပေးခြင်း၊ အဆိုပါနေရာတွင် မီးသတ်စနစ်များ ထည့်သွင်းတည်ဆောက်ပေးခြင်းဆောင်ရွက်ပေးရန်မှာ အရေးတကြီး လိုအပ်လျက်ရှိနေပါသည်။ ထိုကဲ့သို့ စက်သုံးဆီတင် မော်တော်ယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီဆိပ်ကမ်းတည်ဆောက်ပေးနိုင်ပါက မီးဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ဆီဖိတ်စင်မှုများမရှိခြင်းကြောင့် ရေနေသတ္တဝါများ ထိခိုက်မှုမရှိခြင်းအပြင် ကုန်တင်ကုန်ချလုပ်အားခလျှော့နည်းစေပြီး ကုန်ဈေးနှုန်းသက်သာစေနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု အရေးတကြီးလိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်အခက်အခဲများကြောင့် မတည်ဆောက်နိုင်သည်ကို သိရှိလိုပါ၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေလေးမြတ်စွာ မေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) မှ ဦးကျော်ဇင်ထွန် မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံး၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျား။

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) ဦးကျော်ဇင်ထွန်း၏မေးခွန်းအပေါ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူက ပြန်လည်ဖြေကြားမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ဆိပ်ကမ်းများအနေဖြင့် ဧရာဝတီမြစ်၌ မြင်းမူ၊ စစ်ကိုင်း၊ မင်းကွန်း၊ မောင်းကုန်း၊ ထီးချိုင့်၊ ကသာဆိပ်ကမ်း ၆ ခုနှင့် ချင်းတွင်းမြစ်၌ မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးဆိပ်ကမ်း ၈ ခုရှိပြီး စုစုပေါင်း ဆိပ်ကမ်း ၁၄ ခု ရှိပါတယ်။ အဆိုပါ ဆိပ်ကမ်းများ၏ ကမ်းပါးနယ်ဧရိယာအတွင်း ရေယာဉ်များဆိုက်ကပ်ရန်အတွက် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခြင်းများသာရှိပါတယ်။ ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုလိုသည့် လုပ်ငန်းရှင်များ၏ လျှောက်ထားမှုများအပေါ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ  ဥပဒေ၊ နည်းဥပဒေအရ စိစစ်၍စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကျသင့်အခွန်ငွေများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပေးသွင်းစေလျက် ဆိပ်ကမ်းမြေနေရာအသုံးပြုခွင့်များအား ခွင့်ပြုပေးလျက်ရှိပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဟုမ္မလင်းမြို့ဆိပ်ကမ်း၌ ကမ်းပါးနယ်ဧရိယာအတွင်း ရေယာဉ်များဆိုက်ကပ်ရပ်နားရန်အတွက် ဆိပ်ကမ်းမြေနေရာ ၁၅ နေရာတွင် လုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ပြလာမှုများရှိခဲ့ရာ လတ်တလောတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံးအနေဖြင့် ၎င်းတို့အား ဥပဒေအရစိစစ်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ၍ အတည်ပြုချက်ရရှိပါက ဖော်ပြပါ ဟုမ္မလင်းရှိ ဆိပ်ကမ်းမြေနေရာ ၁၅ နေရာ၏ မြေနေရာ အသုံးပြုခွင့် ကျသင့်အခွန်အခများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးသွင်းစေလျက် လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ပါတယ်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းမြစ်ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီမြစ်တွင် မန္တလေး၊ ဗန်းမော်၊ မကွေး၊ ပခုက္ကူမြို့များနှင့် ချင်းတွင်းမြစ်တွင် မုံရွာနှင့်ကလေးဝမြို့တို့တွင် ဆိပ်ကမ်းမြို့ကြီးများ သာယာလှပရေးနှင့် မြစ်ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးအတွက်ဆောင်ရွက်ရန် လျာထား၍ ဖြစ်နိုင်ခြေလေ့လာခြင်း၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမည့်သူရှာဖွေခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတား တည်ဆောက်ခွင့်အတွက် လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက စိစစ်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် ရေလမ်းဖွံ့ဖြိုးရေးနှင့် မြို့၏ဆိပ်ကမ်းရှေ့တွင် တည်ငြိမ်သော ရေလမ်းဖြစ်ပေါ်စေရေးတို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဟုမ္မလင်းမြို့တွင် ဆီတင်ချ အပါအဝင် စံချိန်မီဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) အသေးစိတ်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာ(Technical)အရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ၊ ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မှု (Cost and Benefit) သုံးသပ်တွက်ချက်ရန် လိုအပ်ခြင်း၊ ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရန် ကုန်ကျစရိတ်များပြားလွန်းသဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်၍ ဆောင်ရွက်ရခြင်းတို့ကြောင့် ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များဆိုက်ကပ်နိုင်မည့် စံချိန်မီဆီချဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်မှာ လတ်တလော အခြေအနေအရ အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားထားပါတယ်။

သို့ဖြစ်ပါ၍ ဦးကျော်ဇင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုယ်စားလှယ်အမှတ်(၈)၏ မေးခွန်းနှင့်စပ်လျဉ်း၍ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များဆိုက်ကပ်နိုင်ရန်အတွက် ဆိပ်ကမ်းမြေနေရာငှားရမ်းအသုံးပြုခွင့်နှင့် ဆိပ်ခံတံတားတည်ဆောက်ခွင့်ကို လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစိစစ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။