Share this

ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ "ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ သိမ်းဆည်းခံလယ်ယာမြေနှင့်ပတ်သက်ပြီး ပေးလျော်ရန်ကျန်ရှိနေသေးသော လယ်သမား(၂၀၀)ဦးခန့်အတွက် လျော်ကြေးနစ်နာကြေးရရှိနိုင်မှုအခြေအနေအား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း"နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 13, 2026 - 15:27
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Kyaw Kyaw Latt

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးကျော်ကျော်လတ်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့သစ်တည်စဉ် မြေကွက်သစ်များဖော်ထုတ်ရာ၌ လယ်ယာမြေများစွာ သိမ်းဆည်းခဲ့ပါသည်။ သိမ်းဆည်းစဉ်က လယ်စောင့်တဲများနှင့် လယ်လုပ်ကိရိယာများ၊ ကျွဲနွားများထားသိုနိုင်ရန်အတွက် လယ်သမား(၁)ဦးလျှင် ပေ(၄၀x၆၀) မြေကွက်(၁)ကွက်စီ ပြန်ပေးခဲ့ပါသည်။ 

၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်အရ လယ်ယာမြေဥပဒေပေါ်ပေါက်လာပြီး လယ်ယာမြေသိမ်းဆည်းရာတွင် နစ်နာမှုရှိသည့် လယ်သမားများအတွက် လျော်ကြေး/နစ်နာကြေးပေးအပ်နိုင်ရန် အခြေခံရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဗဟိုလယ်ယာမြေသိမ်းဆည်းခံရခြင်းကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် ကော်မတီ၊ အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်ခဲ့ကြပါသည်။ သို့သော် ကိုဗစ်ကာလမှစတင်၍ ၎င်းလုပ်ငန်းစဉ်များအား ယာယီရပ်ဆိုင်းထားခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။

သို့သော် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၌ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၆)ဖြင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ပါသည်။

အဆိုပါအမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၆)၏ အပိုဒ်(စ)၌ ဥပဒေနှင့်အညီလွှဲပြောင်းရယူထားပြီး နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် အမှန်တကယ် လက်တွေ့အသုံးပြုနေသည့် လယ်ယာမြေနှင့်အခြားမြေများကို သက်ဆိုင်ရာဌာနများက စွန့်လွှတ်ခြင်းမပြုဘဲ ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် မူလပိုင်ရှင်(သို့မဟုတ်) အမွေစားအမွေခံအား ယခင်နှင့် ယခုကာလဒေသ၏ ပေါက်ဈေးတို့ကိုအခြေခံ၍ သင့်လျော်သည့် လျော်ကြေး၊ နစ်နာကြေးပေးရန်ဆိုသည့်အချက် ပါဝင်နေပါသည်။

သို့ဖြစ်ပါ၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း လျော်ကြေး/နစ်နာကြေးပေးရန် ကျန်ရှိနေသေးသော လယ်သမား(၂၀၀)ဦးခန့်နှင့်ပတ်သက်ပြီး မည်သို့စီမံဆောင်ရွက်မည်၊ မည်သည့်အချိန်တွင် လျော်ကြေး/နစ်နာကြေးပေးမည်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ ဦးကျော်ကျော်လတ် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးကျော်ကျော်လတ်၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှုပြဿနာများကို လျင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ ၂၁-၄-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၆ ဖြင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ဒုတိယသမ္မတ(၁)ဥက္ကဋ္ဌဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းဗဟိုကော်မတီမှ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်အား ၂၈-၄-၂၀၂၆ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်တွင်ပါဝင်သော ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်များသည် ရန်ကုန်တိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဒဂုံမြို့သစ်အိမ်ယာစီမံကိန်းမြေအဖြစ် အသုံးချရန် အိုးအိမ်ဦးစီးဌာနအား ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စု၊ ကွင်းပေါင်း ၁၃၈ ကွင်းရှိ လယ်မြေဧရိယာပေါင်း ၆၉,၉၃၆.၉၃ ဧကအား ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ(၃၉)အရ လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးပြုခွင့်အမိန့် ခွင့်ပြုခဲ့ပါတယ်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၈.၁၁.၁၉၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ဒဂုံမြို့သစ်မြို့နယ်အဖြစ်လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ ၄-၁၀-၁၉၉၀ ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် ဒဂုံမြို့သစ်မြို့နယ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဟူ၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉-၈-၁၉၉၄ ရက်စွဲပါအမိန့်ကြော်ငြာစာအရ အဆိုပါမြို့နယ် ၂ ခုကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဟူ၍ ပြင်ဆင်သတ်မှတ်ဖွဲ့စည်းခဲ့ပါတယ်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်သည် ၆၄၉၃ ဧကကျယ်ဝန်း၍ ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားရှိပြီး လူနေအိမ်ရာများ၊ စက်မှုဇုန်များ၊ မြို့ကွက်များဖော်ဆောင်ထားရှိပြီးဖြစ်ပါတယ်။

သိမ်းဆည်းမြေများအနက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ မြေယာလျော်ကြေးရယူလို၍ လျှောက်ထားသည့်အမှုတွဲ ၅၉၈ မှုအား လယ်ယာမြေနှင့်အခြားမြေများ  သိမ်းဆည်းခြင်းခံရမူများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ မူဝါဒ ၅၂ ချက်နှင့်အညီစိစစ်၍ မူဝါဒနှင့်ကိုက်ညီပြီး ပိုင်ဆိုင်မှုအထောက်အထားတင်ပြနိုင်သည့် တောင်သူ  ၆၈ ဦး၊ အမှုတွဲ ၆၄ တွဲ၊ ဧရိယာ ၁၀၇၄.၂၄ ဧကအတွက် လျော်ကြေးငွေ ကျပ်သန်း ၁၀၇၄၂.၄၀ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လျော်ကြေးငွေတွက်ချက်တင်ပြထားရှိပြီး ဝန်ကြီးဌာနများအလိုက် မြေယာလျော်ကြေးငွေပေးအပ်ရန်ကျန်ရှိသည့် တောင်သူ ၃၂ ဦး၊ အမှုတွဲ အရေအတွက် ၃၂ မှု၊ ဧရိယာ ၄၆၁.၃၁ ဧကအတွက် လျော်ကြေးငွေ ကျပ်သန်း ၄၆၁၃.၁၀ အား လျော်ကြေးပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တင်ပြမေးမြန်းထားသည့် လယ်ယာမြေလျော်ကြေးပေးရန် ကျန်ရှိသည့် တောင်သူလယ်သမား ၂၀၄ ဦးနှင့်စပ်လျဉ်း၍ လျော်ကြေးပေးအပ်ရန်ကျန်သည့် အမှုတွဲ ၃၂ တွဲ စာရင်း၌ တောင်သူ ၁၁ ဦး၏ ဧရိယာ ၁၃၉.၇၇ ဧကသာပါဝင်ပါတယ်။ ကျန်ရှိသည့် တောင်သူ ၁၉၃ ဦးနှင့်စပ်လျဉ်း၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်တို့မှ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။

ဒဂုံမြို့သစ်အိမ်ရာစီမံကိန်းမြေအဖြစ် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ ယခင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး ဗဟိုကော်မတီအဆင့်ဆင့်တို့လက်ထက်တွင် တင်ပြလျှောက်ထားခဲ့သည့် တောင်သူများအားစိစစ်၍ တိုင်းဒေသကြီးလျော်ကြေးငွေများစိစစ်သတ်မှတ်ရေးအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၇)အရ ဆုံးဖြတ်ထားသော သိမ်းဆည်းမြေ(၁)ဧကအတွက် လျော်ကြေးနှုန်းထားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၃၈/၂၀၁၇၊ ဆုံးဖြတ်ချက် အပိုဒ်(၁၅)တွင် အတည်ပြုခဲ့ပြီး သိမ်းဆည်းခံမြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းသတ်မှတ်၍ လျော်ကြေးပေးအပ်ခဲ့ကာ ကျန်ရှိသည့်တောင်သူများကိုလည်း ၎င်းတို့၏ တင်ပြမှုများအပေါ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ  ချမှတ်ထားသော မူဝါဒ ၅၂ ချက်နှင့်အညီ မူဝါဒနှင့်ကိုက်ညီမှုရှိသော တောင်သူများအား လျော်ကြေးပေးအပ်နိုင်ရေးအတွက် အထောက်အထားများ စိစစ်ဆောင်ရွက်လျက်ရှိပြီး အထောက်အထား မတင်ပြနိုင်သူများ၊ မူလပိုင်ရှင်မဟုတ်သူများ၊ ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်မရှိသူများ၊ မူဝါဒနှင့်ကိုက်ညီမှုမရှိသည့် အမှုတွဲများအား အမှုပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

သို့ဖြစ်ပါ၍ တင်ပြမေးမြန်းထားသည့် လယ်ယာမြေလျော်ကြေးပေးရန် ကျန်ရှိသည့် တောင်သူ ၂၀၄ ဦးနှင့်စပ်လျဉ်းပြီး တောင်သူ ၁၁ ဦးအား လျော်ကြေးပေးအပ်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျန် ၁၉၃ ဦးနှင့်စပ်လျဉ်း၍ မူဝါဒ ၅၂ ချက်နှင့်အညီ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားအပ်ပါတယ်။