အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို (၆.၆.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ်(၂၀) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာများမှတာဝန် ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များက ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးတွင် အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်များဖြစ်ပေါ်ခဲ့သည့် အဆိုနှင့် မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြပါသည်။
ယင်းနောက် ဆွေးနွေးချက်မျာအပေါ် ဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။