Share this

ဒေါ်မြမြသက်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ "နဝတအစိုးရကာလ ၁၉၈၉ ခုနှစ်ကတည်းက မြို့ကွက်သစ်အဖြစ် တိုးချဲ့တည်ဆောက်ပေးခဲ့သည့် စစ်တွေမြို့၏ ရပ်ကွက်ကြီးတစ်ခုဖြစ်သော မင်းဂံရပ်ကွက်တွင် ကွန်ကရစ်လမ်းထပ်မံခင်းပေးရန် ကျန်ရှိသော မြေသားလမ်းအရှည် (၈၀,၅၄၀)ပေအား ဘဏ္ဍာရေးနှစ်အလိုက် ပြီးပြည့်စုံအောင် ကွန်ကရစ်လမ်းခင်းပေးရန်အစီအစဉ် ရှိ/မရှိနှင့် မင်းဂံရပ်ကွက်၌ မြို့ပြစီမံကိန်းအရ တည်ဆောက်ထားသည့်ဈေးအား စည်ပင်ဥပဒေ၊ ဈေးအင်္ဂါရပ်နှင့်အညီ သပ်ရပ်သန့်ရှင်းစွာ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ"တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, July 17, 2026 - 11:25
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Daw Mya Mya Thet

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဒေါ်မြမြသက်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

ရခိုင်ပြည်နယ်သည် မြို့နယ်(၁၇)ခုဖြင့် ဖွဲ့စည်းထားပြီး၊ မြို့နယ် (၁၄)ခုမှာ အရေးပေါ်အခြေအနေကြေငြာခြင်းနှင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းတို့အရ ဆက်လက်ပြီး စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းထားရဆဲဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ဒုတိယအကြီးဆုံး ကျောက်ဖြူမြို့နှင့် သီးခြားကျွန်းမြို့ဖြစ်နေသည့် မာန်အောင်မြို့တို့သာ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲအုပ်ချုပ်မှုဖြင့် မြို့ပြတည်ဆောက်ခြင်းအဆင့်ဆင့်အား ဆောင်ရွက်နေရပါသည်။ သို့ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး၏ ဘဏ္ဍာငွေလျာထားချက်အား (၃)မြို့နယ် တည်ဆောက်ရေး၌သာ သုံးစွဲနေရသည့်ကာလလည်းဖြစ်ပါသည်။

စစ်တွေမြို့သည် ရေပတ်လည်ဝိုင်းနေပြီး အကျယ်အဝန်း စတုရန်းမိုင်း(၈.၃၃)ရှိကာ ရပ်ကွက်ပေါင်း(၃၄)ခု၊ ကျေးရွာအုပ်စု(၂၇)စုနှင့် ကျေးရွာပေါင်း(၈၈)ရွာတို့ဖြင့် ဖွဲ့စည်းထားသည့် မြို့ကြီးတစ်မြို့ဖြစ်ပါသည်။ မင်းဂံရပ်ကွက်သည် ဧရိယာ (၅၀၃.၆၇) ဧကရှိပြီး အကွက်ပေါင်း (၁၇)ကွက်၊ အိမ်ခြေပေါင်း (၂,၃၆၁)အိမ်၊ အိမ်ထောင်စု (၂,၅၀၇)စု၊ လူဦးရေ (၆,၇၇၄)ဦးတို့ မှီတင်းနေထိုင်ကြပါသည်။ မင်းဂံရပ်ကွက်အား နဝတအစိုးရတက်စကာလ ၁၉၈၉ ခုနှစ်တွင် မြို့ကွက်သစ်အဖြစ် စတင်တည်ထောင်ပေးခဲ့ပြီး ယခုအခါနှစ်(၄၀)ပြည့်ရန် (၃)နှစ်ခန့်သာလိုပြီဖြစ်သည့် သက်တမ်းရင့် တိုးချဲ့ရပ်ကွက်ကြီးတစ်ခုလည်းဖြစ်ပါသည်။

စတင်တည်ဆောက်စဉ်က မြို့ပြ ခေတ်မီရပ်ကွက်တစ်ခု၏ အင်္ဂါရပ်နှင့်လျှော်ညီစွာ အကွက်ရိုက်ခြင်း၊ လမ်းနယ်အကျယ်၊ ဆေးရုံ၊ ရဲစခန်း၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်းနှင့် ဈေး စသည်ဖြင့် အကွက်ချပုံစံပြည့် စနစ်တကျတည်ဆောက်ပေးခဲ့ပါသော်လည်း ခေတ်အဆက်ဆက်အုပ်ချုပ်သူတို့ အလေးထားခြင်းမရှိခဲ့မှုတို့ကြောင့် မြို့ပျက်တစ်ခု၏ ရပ်ကွက်တစ်ခုသဖွယ်အဖြစ်သာ မြင်တွေ့နေရပါသည်။ မင်းဂံရပ်ကွက်၏ မြေသားလမ်းအရှည် (၉၂,၇၅၀)ပေအနက် ယခုကာလအထိ လမ်း(၅)လမ်းပေါ်တွင် (၁၂,၂၁၀)ပေကိုသာ ကတ္တရာနှင့် ကွန်ကရစ်လမ်းအဖြစ် ခင်းပေးထားသည်ကို တွေ့ရှိရပါသည်။ လမ်းပိုင်းအချို့မှာ ကောင်းမွန်ဆဲဖြစ်ပြီး၊ အချို့မှာ ပျက်စီးယိုယွင်းနေပြီဖြစ်သည်ကို တွေ့ရှိရပါသည်။ ကွန်ကရစ်လမ်းအဖြစ် လုံးဝမခင်းပေးရသေးသည့် မြေသားလမ်း (၁၄)လမ်း၏ ပေအရှည်မှာ (၈၀,၅၄၀) ပေဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများအား မင်းဂံရပ်ကွက်သူ/ ရပ်ကွက်သားများ၏ တောင်းဆိုမှုအရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။

(က) မြို့ကွက်သစ်အဖြစ် စတင်တည်ထောင်သည်မှာ နှစ် (၄၀) ခန့် ကြာမြင့်ပြီးဖြစ်သည့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ကွန်ကရစ်လမ်းခင်းရန်ကျန်ရှိသော လမ်း (၁၄)လမ်း၏ မြေသားလမ်း ပေအရှည် (၈၀,၅၄၀)ပေအား ဘဏ္ဍာရေးနှစ်အလိုက် ပြီးပြည့်စုံအောင် “လမ်းဘေးရေမြောင်းအပါအဝင် ကွန်ကရစ်လမ်း” ခင်းပေးမည့် အစီအစဉ် ရှိ/မရှိအား သိရှိလိုပါသည်။ ရှိပါက နှစ်အလိုက်ခင်းပေးမည့် အစီအစဉ်၊ မရှိပါကမည်သည့်အတွက်ကြောင့်ဖြစ်သည်တို့ကို ဆက်စပ်ပြီးတော့ ရှင်းလင်းပေးစေလိုပါသည်။

(ခ) နည်းတူ မင်းဂံရပ်ကွက်၌ မြို့ပြစီမံကိန်းအရ တည်ဆောက်ထားသည့်ဈေးအား စည်ပင်ဥပဒေ၊ ဈေးအင်္ဂါရပ်နှင့်အညီ သပ်ရပ်သန့်ရှင်းစွာပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိမေးမြန်းအပ်ပါသည်။ ရှိပါက ပြန်လည်တည်ဆောက်ပေးမည့် ဘဏ္ဍာနှစ်၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ရှင်းလင်းပေးစေလိုပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဒေါ်မြမြသက် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဒေါ်မြမြသက် ၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

နဝတအစိုးရကာလ ၁၉၈၉ ခုနှစ်ကတည်းက မြို့ကွက်သစ်အဖြစ် တိုးချဲ့တည်ဆောက်ပေးခဲ့သည့် စစ်တွေမြို့၏ ရပ်ကွက်ကြီးတစ်ခုဖြစ်သော မင်းဂံရပ်ကွက်တွင် ကွန်ကရစ်လမ်း ထပ်မံခင်းပေးရန်ကျန်ရှိသော မြေသားလမ်းအရှည် ၈၀,၅၄၀ ပေအား ဘဏ္ဍာရေးနှစ်အလိုက်ပြီးပြည့်စုံအောင် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မင်းဂံရပ်ကွက်၌ မြို့ပြစီမံကိန်းအရတည်ဆောက်ထားသည့်ဈေးအား စည်ပင်ဥပဒေ၊ ဈေးအင်္ဂါရပ်နှင့်အညီ သပ်ရပ်သန့်ရှင်းစွာတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်၍ စစ်တွေမြို့၏ ရပ်ကွက်ကြီးတစ်ခုဖြစ်သော မင်းဂံရပ်ကွက်သည် ဧက ၅၀၀ ကျယ်ဝန်းသော ရပ်ကွက်ကြီးတစ်ခုဖြစ်ပါတယ်။ အရှေ့အနောက်ရှည်လျားသော ရပ်ကွက်ဖြစ်ပြီး လမ်းပေါင်း ၅၀ ရှိပါတယ်။ မင်းဂံရပ်ကွက်ရှိ လမ်းများအား နှစ်စဉ်ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကွန်ကရစ်လမ်း ၁၀လမ်း၊ အရှည် ၂၁,၉၀၀ ပေနှင့် ကတ္တရာလမ်း ၄ လမ်း၊ အရှည်ပေ ၄,၅၃၀ အား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မင်းဂံဆင်းလမ်း၊ အရှည်ပေ ၁,၄၀၀ ၊ အကျယ် ၂၄ ပေနှင့် ABC ကလေးဂေဟာသွား လမ်းအရှည် ၂,၁၂၃ ပေ၊ အကျယ် ၁၈ ပေတို့အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပါတယ်။

မင်းဂံရပ်ကွက်သည် မြေပြင်တည်ရှိမှုအနေအထားအရ ရပ်ကွက်၏အလယ်ပိုင်းဧရိယာများမှာ မြေနိမ့်ပိုင်းများဖြစ်၍ ကွန်ကရစ်လမ်းများခင်းရာတွင် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဦးစွာဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် စည်ပင် သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မင်းဂံရပ်ကွက်၏ အဓိကလမ်းမကြီးဖြစ်သော ဦးမြဝါလမ်း၏ လမ်းဘေး ဝဲ/ယာ ရေစီးရေလာကောင်းမွန်စေရန် မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စနစ်တကျစီမံ၍ ဆောင်ရွက်လျက်ရှိပြီး လမ်းတစ်လျှောက် လမ်းမီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ စနစ်တကျဖြစ်စေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ရေစီးရေလာကောင်းမွန်မှုအပေါ်မူတည်၍ ပွင့်လင်းရာသီတွင် အုတ်ရေမြောင်းနှင့် လမ်းအဆင့်မြှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

မင်းဂံရပ်ကွက်အတွင်းကျန်ရှိသည့် လမ်းသွယ်၊ လမ်းကြားများကိုလည်း မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ပြီး လမ်း၏ရေစီးရေလာအခြေအနေကို စောင့်ကြည့်၍ ပြည်သူလူထုအသုံးများသော လမ်းနှင့် ပြည်သူအကျိုးပြုသော လမ်းအချို့ကို ပွင့်လင်းရာသီတွင် လမ်းနှင့်ရေမြောင်းများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျန်ရှိသည့် လမ်းသွယ်၊ လမ်းကြားများကိုလည်း ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်း၊ ရေစီးရေလာအခြေအနေစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထုအသုံးများသောလမ်းအလိုက် ဦးစားပေးလျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မင်းဂံရပ်ကွက်ရှိလမ်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးပြီးဆောင်ရွက်သွားရန် ပြည်နယ်အစိုးရအဖွဲ့မှလည်း လမ်းညွှန်မှုပြုထားပြီးဖြစ်၍ နှစ်အလိုက် တိုးတက်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

မင်းဂံရပ်ကွက်နှင့်ပတ်သက်၍ ယခုနှစ်မိုးရာသီကာလမတိုင်မီရေစီးရေလာကောင်းမွန်ရေး ဝေသာလီအားကစားကွင်းဘေးမှစ၍ ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းအနီး ရေမြောင်းတစ်လျှောက်၊ ၎င်းမှ မီးရထားလမ်းဘေး ချောင်းရိုးအတိုင်း သဲချောင်းတံတားအနီးချောင်းအထိပေ ၇,ဝဝဝ ခန့်နှင့် မင်းဂံအကွက် (၁၁)မှ ဒူဝါမြောင်ကျေးရွာချောင်းရိုးအထိ ပေ ၂,၅၀၀ ခန့်အား Backhoe ဖြင့် တူးဖော်ပေးခဲ့ပါတယ်။ နတ်စင်လမ်းတစ်လျှောက်၌လည်း ရေမြောင်းများ တူးဖော်ဆယ်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဈေးနှင့်ပတ်သက်၍ မင်းဂံဈေးသည် ဧရိယာ ၁.၄၅ ဧက ကျယ်ဝန်းပြီး ပုဂ္ဂလိကဈေးဆိုင်ခန်း ၆ဝ ခန့်ရှိသော ပျံကျဈေးဖြစ်ပါတယ်။ ဈေးအဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်လတွင် တစ်ကြိမ်၊ ဈေးသူဈေးသားများနှင့် ဆွေးနွေးညှိနှိုင်းမှု ဆောင်ရွက်ခဲ့သော်လည်း ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားအရ ဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိခဲ့ပါ။ မင်းဂံဈေးနှင့်ပတ်သက်၍ ဈေးရုံများထိန်းသိမ်းခြင်း၊ ပြုပြင်ပေးခြင်းများကို စည်ပင် သာယာရေးအဖွဲ့မှဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သား/ငါးရောင်းချသည့် ဈေးရုံ ၁ ရုံ၊ အတိုင်းအတာ ၆ ပေ x ၃၆ ပေအား ခွင့်ပြုရန်ပုံငွေ ၉၆.၃၃၀ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ဈေးတွင်း သန့်စင်ခန်းပြုပြင်ခြင်းနှင့် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါတယ်။ မင်းဂံဈေးအဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ လတ်တလောတွင် ဈေးရောင်းချသူများနည်းပါးသော်လည်း ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဈေးသူဈေးသားများနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။