တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဒူကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၏ (၁၀၀'၂၄'၁၃') တစ်ထပ်ဆောင်သွပ်မိုး၊ ပျဉ်ထောင်/ထရံကာ၊ ပျဉ်ခင်း(ပင်မဆောင်) ဖျက်သိမ်းရန်နှင့် အစားထိုးကျောင်းဆောင်သစ် (၁၃၀'x၃၀')RC ကျောင်းဆောင်သစ် တစ်ဆောင်ကို ဆောက်လုပ်ချထားရရှိရေးအတွက် အစီအစဉ် ရှိ / မရှိ။
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဒူကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၏ (၁၀၀'၂၄'၁၃') တစ်ထပ်ဆောင်သွပ်မိုး၊ ပျဉ်ထောင်/ထရံကာ၊ ပျဉ်ခင်း(ပင်မဆောင်)သည် ၁၉၈၆ခုနှစ်က စတင်တည်ဆောက်ခဲ့သော ကျောင်းဆောင်ဖြစ်၍ နှစ်ပေါင်း(၄၀)သက်တမ်းရှိပြီဖြစ်သော ကျောင်းဆောင်ဟောင်းဖြစ်ပါသည်။
အဆိုပါကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝန်ထမ်း၊ ဆရာ၊ ဆရာမများ အင်အားစာရင်းမှာ မူအုပ် ၁၊ ဒု-လယ်ပြ-၃၊ ဒု-မူပြ-၂ ၊ လ/ထ မူပြ-၅၊ အထွေထွေလုပ်သား ၁ ဖြစ်ပါသည်။ ကျောင်းသူ/ကျောင်းသားဦးရေ ၇၃၅ ယောက် ပညာသင်ကြားနေပါသည်။
ထို့ကြောင့်ကျောင်းဆောင်ဟောင်းမှာ သွပ်များပေါက်ပြဲနေခြင်း၊ ကြမ်းခင်းများပျက်စီးနေခြင်း၊ အကာနှင့်တံခါးများ ပျက်စီးနေသည့်အပြင် တိုင်ခြေများလည်း ဆွေ့မြေ့ပြတ်တောက် ပျက်စီးနေသောကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်မရွေးအန္တရာယ်ကျရောက်နိုင်သော အခြေအနေတွင် ရှိနေပါသည်။
သို့ဖြစ်ပါ၍ ထိုကျောင်းဆောင်ဟောင်းအား ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဖျက်သိမ်းခွင့်ပြုနိုင်ပါရန်နှင့် မူလွန်ဒူးကောင်းကျောင်းသည် မြို့ပေါ်ကျောင်းတစ်ကျောင်းဖြစ်သည်နှင့်အညီ ကျောင်းသားဦးရေများပြားလာခြင်း၊ စာသင်ခန်းမလုံလောက်ခြင်း၊ နောက်နောင်တွင် ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်လျက် (၁၃၀'x၃၀')RC ကျောင်းဆောင်သစ်တစ်ဆောင်ကို ဆောက်လုပ်ချထားရရှိရေးအတွက် အစီအစဉ် ရှိ/မရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့ဖြေကြားပေးနိုင်ပါရန် လေးစားစွာ မေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၏ ဖြေကြားချက်
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်း၏ “ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဒူးကောင်း-အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ (၁၀၀ x ၂၄ x ၁၃)ပေ တစ်ထပ်ဆောင်သွပ်မိုး၊ ပျဉ်ထောင်/ ထရံကာ၊ ပျဉ်ခင်း (ပင်မဆောင်)အား ဖျက်သိမ်းခွင့်ပြုရန်နှင့် (၁၃ဝ x ၃၀)ပေ RC ကျောင်းဆောင်သစ်တစ်ဆောင် အစားထိုးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဖြေရှင်းတင်ပြသွားမှာဖြစ်ပါ တယ်။
ကချင်ပြည်နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေကျပ် (၄၅၅၇.၆၀၀)သန်းဖြင့် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ အန္တရာယ်ကျောင်းဆောင်များဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၇)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း (၁)ခု၊ စာကြည့်တိုက်များအသစ်ဆောက်လုပ်ခြင်း (၂)ခု၊ စုစုပေါင်းလုပ်ငန်း (၁၂)ခုကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဒူးကောင်း-အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် KG (၇၈)ဦး၊ Grade 1 (၁၀၂)ဦး၊ Grade 2 (၉၁)ဦး၊ Grade 3 (၁၀၃) ဦး၊ Grade 4 (၉၉)ဦး၊ Grade 5 (၈၃)ဦး၊ စုစုပေါင်း မူလတန်းအဆင့်ကျောင်းသား (၅၅၆)ဦးနှင့် Grade 6 (၆၀)ဦး၊ Grade 7 (၅၇)ဦး၊ Grade 8 (၄၇)ဦး၊ စုစုပေါင်း အလယ်တန်းအဆင့်ကျောင်းသား (၁၆၄)ဦး၊ ကျောင်းသားအားလုံး စုစုပေါင်း (၇၂၀)ဦး ပညာသင်ကြားလျက်ရှိပါတယ်။
စာသင်ဆောင်များအနေနဲ့ အဆိုပါကျောင်းတွင် အန္တရာယ်ဆောင်(၁၀၀×၂၄)ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ် (၁)ထပ်၊ (၁၀၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ (၉၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ (၆၀x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်၊ (၄၀ x ၃၀)ပေ ယာယီဆောင်တစ်ဆောင် စုစုပေါင်း ကျောင်းဆောင် (၅)ဆောင် စာသင်ခန်း(၁၂)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ကျောင်းသား(၇၂၀)ဦး၊ စာသင်ခန်း (၁၂)ခန်းရှိတဲ့အတွက် အဆိုပါ ဒူးကောင်း-အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းသား/တန်းခွဲဦးရေအရ လိုအပ်နေသော စာသင်ခန်း (၆)ခန်းအတွက် အန္တရာယ်ဆောင် (၁၀၀ x ၂၄) ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ် (၁)ထပ်ဆောင်အား ဖျက်သိမ်း၍ (၁၁၀ x ၃၀)ပေ RCC(၂)ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစားပေး အစီအစဉ်အရ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။