Share this

ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ "ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ကင်ဆားရပ်ကွက်အတွင်းရှိ ကင်ဆားရာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, July 17, 2026 - 11:55
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Daw Me Me Kyaw Tun

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ကင်ဆားရာရပ်ကွက်တွင်ရှိသော အလက(ခွဲ)ကင်ဆားရာကျောင်းတွင် ကျောင်းသား/သူဦးရေ(၉၀၀)ခန့် တက်ရောက်ပညာသင်ကြားလျက်ရှိပြီး၊ တန်းခွဲပေါင်း(၁၇)ခု ရှိသော်လည်း၊ ဆရာ/ဆရာမဦးရေမှာ (အထွေထွေလုပ်သားအပါအဝင်) (၁၈) ဦးသာရှိပါ၍ ကျောင်းသားဦးရေနှင့် ဆရာ/ဆရာမဦးရေအချိုးမညီမှုကြောင့် ကျောင်းသား/သူများ သင်ကြား/ယူမှုအခက်အခဲရှိပြီး စာသင်ဆောင်များလည်း အခက်အခဲများရှိနေပါသည်။

အလက(ခွဲ)အဆင့်မှ အလယ်တန်းအဆင့်တိုးမြှင့်သတ်မှတ်ခွင့်ပြုပေးပါက အလယ်တန်းအဆင့်နှင့် ညီညွှတ်သော ဆရာ/ဆရာမ ခွဲဝေဦးရေရရှိလာပြီး သင်ကြားမှု/သင်ယူမှု အဆင်ပြေစွာ ဆောင်ရွက်နိုင်မည့်အပြင် အလယ်တန်းအဆင့်နှင့် ကိုက်ညီသော ကျောင်းဆောင်များလည်း ရရှိလာပါက စာပေသင်ကြားရေးအတွက် ဆရာ/ဆရာမ မလုံလောက်သောအခက်အခဲနှင့် ကျောင်းစာသင်ခန်း မလုံလောက်သော အခက်အခဲများပြေလည်နိုင်မည်ဖြစ်ပါ၍ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်အတွင်းရှိ ကင်ဆားရာ အလက(ခွဲ)အား အလယ်တန်းကျောင်းအဆင့်ထိ တိုးမြှင့်သတ်မှတ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့ ဖြေကြားပေးနိုင်ပါရန် လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၏ ဖြေကြားချက်

 

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်စီစီကျော်ထွန်း၏ “ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ကင်ဆားရာ-အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဖြေရှင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ကင်ဆားရာ-အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသက်တမ်းမှာ(၁၃)နှစ် ရှိပြီဖြစ်ပါတယ်။ ကျောင်းမြေအကျယ်အဝန်း (၃.၇၉၁)ဧကရှိပြီး ကျောင်းမြေပိုင်ဆိုင်မှုဂရန်ရရှိထားပြီး ဖြစ်ပါတယ်။

ပင်မကျောင်းဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် (၀.၃)မိုင်ခန့် ကွာဝေးပါတယ်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် Grade-6 (၁၂၇)ဦး၊ Grade-7 (၇၄)ဦး၊ Grade-8 (၇၅)ဦး၊ Grade-9 (၅၆)ဦး၊ စုစုပေါင်း အလယ်တန်းအဆင့်ကျောင်းသား (၃၃၂)ဦး ပညာသင်ကြားလျက်ရှိပါတယ်။

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ကျောင်းအဆင့်တိုးမြှင့်ရန်အတွက် အလယ်တန်းအဆင့်ကျောင်းသားဦးရေ (၂၄၀)ဦးအထက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများ၊ သဘာဝဘေးအန္တရာယ် အတားအဆီးရှိသောဒေသများဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် (၂)မိုင်အထက်ကွာဝေးခြင်း၊ သွားလာရလွယ်ကူသော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် (၃)မိုင်အထက် ကွာဝေးခြင်း၊ မြေပိုင်ဆိုင်မှု (၅)ဧကရှိရန် လျာထားသတ်မှတ်ထားရှိပါတယ်။

သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ကင်ဆားရာ-အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အလယ်တန်းအဆင့်ကျောင်းသား (၃၃၂)ဦးရှိသော်လည်း ပင်မကျောင်းဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် (၀.၃)မိုင်သာ ကွာဝေးပါသဖြင့် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် သတ်မှတ်ထားသော လျာထားချက်နှင့်ကိုက်ညီမှုမရှိပါသဖြင့် အဆင့်တိုးမြှင့်ပေးရန် လတ်တလောဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။