တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၏ (၁၂၀'x၂၀'x၁၂') တစ်ထပ်ဆောင်သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(ပင်မဆောင်)သည် ၁၉၉၀ ခုနှစ်က စတင်တည်ဆောက်ခဲ့သော ကျောင်းဆောင်ဖြစ်၍ နှစ်ပေါင်း(၃၆) သက်တမ်းရှိပြီဖြစ်သော ကျောင်းဆောင်ဟောင်းဖြစ်ပါသည်။
ထို့ကြောင့်ကျောင်းဆောင်ဟောင်းမှာ သွပ်များပေါက်ပြဲနေခြင်းနှင့် အုတ်ညှပ်ဆောင်တွင်ရှိသော သစ်မှန်သမျှ(တိုင်၊ ကျည်းဘောင်စသည့်) ဆွေးမြေ့ပြတ်တောက်ပျက်စီးနေသောကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်မရွေးအန္တရာယ်ကျရောက်နိုင်သောအခြေအနေတွင် ရှိနေပါသည်။
အဆိုပါကျောင်းတွင် ဆရာ/ဆရာမအင်အား မူ-အုပ် ၁၊ ဒု-လယ်ပြ ၃၊ လက်ထောက်မူ ၅ ရှိပြီး ၊ ပညာသင်ကြားနေသော ကျောင်းသူ/ကျောင်းသား ၅၃၈ ယောက်ရှိပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား/သူများ၊ ဆရာ၊ဆရာမများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ထိုကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုနိုင်ပါရန်နှင့် မူလွန် ဟူးကောင်းကျောင်းမြို့ပေါ်ကျောင်းတစ်ကျောင်းဖြစ်သည်နှင့်အညီ ကျောင်းသားဦးရေများပြားလာခြင်း၊စာသင်ခန်းမလုံလောက်ခြင်း၊ နောက်နောင်တွင် ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရန်ရည်ရွယ်လျက် (၁၃၀'x၃၀')RC ကျောင်းဆောင်သစ်တစ်ဆောင်ကို ဆောက်လုပ်ချထားရရှိရေး အစီအစဉ် ရှိ/မရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့ ဖြေကြားပေးနိုင်ပါရန် လေးစားစွာမေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)ဒေါ်မီမီကျော်ထွန်း၏ “ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဟူးကောင်း-အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ (၁၂ဝx၂၀×၁၂)ပေ တစ်ထပ်ကျောင်းဆောင်သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(ပင်မဆောင်)အား ဖျက်သိမ်းခွင့်ပြုရန်နှင့် (၁၃၀x၃ဝ)ပေ RC(၂)ထပ် အစားထိုးကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကျွန်တော် ဦးနေမျိုးလှိုင်က ဖြေရှင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေကျပ် (၄၅၅၇.၆၀၀)သန်းဖြင့် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ တိုးတက်လာသောကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၇)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း(၁)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း(၂)ခု၊ စုစုပေါင်းလုပ်ငန်း (၁၂)ခုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်း-အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် KG (၅၅)ဦး၊ Grade 1 (၅၅)ဦး၊ Grade 2 (၅၇)ဦး၊ Grade 3 (၄၉)ဦး၊ Grade 4 (၈၈)ဦး၊ Grade 5 (၈၈)ဦး၊ စုစုပေါင်း မူလတန်းအဆင့်ကျောင်းသား (၃၈၉)ဦးနှင့် Grade 6 (၄၉)ဦး၊ Grade 7 (၅၅)ဦး၊ Grade 8 (၄၅)ဦး၊ စုစုပေါင်း အလယ်တန်းအဆင့်ကျောင်းသား (၁၄၉)ဦး၊ ကျောင်းသားအားလုံးစုစုပေါင်း(၅၃၈)ဦး ပညာသင်ယူလျက်ရှိပါတယ်။
ကျောင်းဆောင်များအနေနဲ့ အဆိုပါကျောင်းတွင် အန္တရာယ်ဆောင် (၁၂၀×၂၀) ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(၁)ထပ်ဆောင်၊ (၉၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်ဆောင်၊ (၆၀ x ၂၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင်၊ (၉၀ x ၃၀) ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်ဆောင် စုစုပေါင်းကျောင်းဆောင် (၄)ဆောင်ရှိပြီး စာသင်ခန်း(၉)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ကျောင်းသား (၅၃၈)ဦး၊ စာသင်ခန်း(၉)ခန်းရှိတဲ့အတွက်ကြောင့် အဆိုပါ ဟူးကောင်း-အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းသား/တန်းခွဲဦးရေအရ လိုအပ်နေသောစာသင်ခန်း(၅)ခန်းအတွက် အန္တရာယ်ဆောင် (၁၂၀ x ၂၀) ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(၁)ထပ်ဆောင်အား ဖျက်သိမ်း၍ (၁၁၀ x ၃၀) ပေ RCC (၂)ထပ်ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။