Share this

ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)၏ ပညာရေးဝန်ထမ်းများအား ရာထူးတိုး/ပြောင်းရွှေ့နေရာချထားပေးရာတွင် ဝန်ထမ်းများ မူလနေရပ်ဒေသရှိ အခြေခံကျောင်းများ၌ ဦးစားပေးနေရာချထားရန် အစီအစဉ် ရှိ/မရှိ နှင့် ဆရာ/ဆရာမများ လစ်လပ်မှုများပြားသော ကျေးလက်ကျောင်းများတွင် ဒေသခံ ဆရာ/ဆရာမများဖြင့် အစားထိုးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့် မေးခွန်း

Tuesday, September 22, 2026 - 10:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း၊

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

ညာရေးဝန်ထမ်းများအနေဖြင့် မိသားစုနှင့်ခွဲခွာကာ အခြားဝေးလံသောဒေသများသို့သွားရောက်တာဝန်ထမ်းဆောင်ရပါက မိသားစုစရိတ်အပြင် မိမိအတွက်ပါ အိုးစား()ခုခွဲ၍ သုံးစွဲရခြင်း၊ အိမ်ငှားရမ်းခစရိတ်များ ပေးဆောင်ရခြင်းတို့ကြောင့် လက်ရှိရရှိနေသော လစာဝင်ငွေနှင့် အခြေခံထွက်ငွေ မျှတမှုမရှိဘဲ စားဝတ်နေရေးကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။

လက်ရှိစက်သုံးဆီဈေးနှုန်းများနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ စံချိန်တင်မြင့်တက်နေမှုကြောင့် မိသားစုထံပြန်လည်ပတ်သည့် ခရီးစရိတ်နှင့် နေ့စဉ်သွားလာရေးစရိတ်များ အဆမတန်ကုန်ကျနေခြင်းများလည်း ရှိပါသည်။

ပြောင်းရွှေ့နေရာချထားရာတွင် ဒေသခံပညာရေးဝန်ထမ်းများကို ဦးစားမပေးဘဲ အခြားစစ်ဘေးရှောင်များနှင့် မငြိမ်းချမ်းသောဒေသမှ ရွှေ့ပြောင်းလာသူများကိုသာ ကနဦး ဦးစားပေးနေသောကြောင့် မိမိဒေသ၌ ရာထူးတိုး/ပြောင်းရွှေ့လိုသည့် ဒေသခံဝန်ထမ်းများ အခွင့်အရေးနည်းပါးကာ ပိုမိုဝေးလံခေါင်ဖျားသောဒေသများသို့ ရောက်ရှိသွားကြရပါသည်။

ဒေသခံဝန်ထမ်းများသည် မိမိတို့ဒေသ၏ ရေမြေတောတောင်အနေအထား၊ တိုင်းရင်းသားဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ကောင်းစွာရင်နှီးကျွမ်းဝင်ပြီးဖြစ်၍ ကျောင်းသား/သူများနှင့် မိဘများကို ပိုမိုနီးကပ်စွာထိတွေ့နိုင်ကာ စာပေသင်ကြားရေးလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူချောမွေ့ ထိရောက်စေခြင်း စသည့် အားသာချက်များရှိပါသည်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ စာသင်ကျောင်းများသည် အခြားဌာနများကဲ့သို့ မြို့ပေါ်၌သာ စုစည်းတည်ရှိခြင်းမဟုတ်ဘဲ ဝေးလံသောကျေးရွာများအထိ ပျံ့နှံ့စွာတည်ရှိနေသဖြင့် နယ်မြေဒေသကျွမ်းကျင်သော ဒေသခံဝန်ထမ်းများ ခန့်ထားနိုင်မှသာ သွားလာရေးနှင့် လုံခြုံရေးအရ ပိုမိုအဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပါသည်။

မိမိနှင့်မကျွမ်းကျင်သော အခြားဒေသများသို့ ရာထူးတိုး/ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်းခံရသည့်အခါ လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေး အခက်အခဲအမျိုးမျိုးကြောင့်   သက်တမ်းမပြည့်မီ အလုပ်မှနုတ်ထွက်သွားကြသည့် ဝန်ထမ်းများပြားလာပြီး စာသင်ကျောင်းများတွင် ဆရာ/ဆရာမ လစ်လပ်မှုပြဿနာများ နှစ်စဉ်ကြုံတွေ့ရပါသည်။

သို့ဖြစ်ပါ၍ ပညာရေးဝန်ထမ်းများ၏ စားဝတ်နေရေးနှင့် ခရီးစရိတ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးရန်လည်းကောင်း၊ ဆရာ/ဆရာမများ မိမိကျွမ်းကျင်ရာဒေသ၌ စိတ်အေးချမ်းစွာ စာပေသင်ကြားနိုင်ရေးအတွက်လည်းကောင်းပညာရေးဝန်ထမ်းများအား ရာထူးတိုးမြှင့်/ပြောင်းရွှေ့နေရာချထားခြင်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ နေရပ်ဒေသအခြေခံ၍ ဦးစားပေးနေရာချထားရန် အစီအစဉ် ရှိ/မရှိ နှင့် ဆရာ/  ဆရာမ လစ်လပ်မှုများပြားသော ကျေးလက်ကျောင်းများတွင် ဒေသခံ ဆရာ/ဆရာမများဖြင့် အစားထိုးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းအပ်ပါသည်။


 တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း၊

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်() ဒေါ်မာလာဆန်း၏ပညာရေးဝန်ထမ်းများအား ရာထူးတိုး/ ပြောင်းရွှေ့ နေရာချထားပေးရာတွင် ဝန်ထမ်းများ မူလနေရပ်ဒေသရှိ အခြေခံကျောင်းများ၌ ဦးစားပေးနေရာချထားရန် အစီအစဉ် ရှိ/ မရှိနှင့် ဆရာ/ ဆရာမများ လစ်လပ်မှုများပြားသော ကျေးလက်ကျောင်းများတွင် ဒေသခံ ဆရာ/ ဆရာမများဖြင့် အစားထိုးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/ မရှိတို့နှင့်စပ်လျဉ်း၍မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဖြေဆိုတင်ပြသွားမှာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများရှိ သင်ကြားရေး ဆရာ၊ဆရာမများ၏ လစ်လပ်နေရာများတွင် ဖြည့်ဆည်းခန့်ထားရာ၌ ကျောင်းသားဦးရေအရ ဆရာလိုအပ်ချက်ရှိသော ကျောင်းများအား ဦးစားပေး ဖြည့်ဆည်းခန့်ထားဆောင်ရွက်လျက်ရှိပါတယ်။

ထိုသို့ ဖြည့်ဆည်းခန့်ထားရာတွင် ရာထူးတိုး သို့မဟုတ် အပြောင်းအရွှေ့ လျှောက်ထားသော ပညာရေးဝန်ထမ်း၏ ဆန္ဒပြုကျောင်းနှင့်ဒေသအား လုပ်သက်ရမှတ်၊ တန်းစီဇယားတို့နှင့် လစ်လပ်နေရာတို့အပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိရာ ပညာရေးဝန်ထမ်းများအား ရာထူးတိုးမြှင့်/ ပြောင်းရွှေ့နေရာချထားခြင်းများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ နေရပ်ဒေသအခြေခံ၍ နေရာချထားခြင်းအား ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆရာ ဆရာမများ လစ်လပ်လျက်ရှိသောကျောင်းများတွင် ပညာရေးဒီဂရီကောလိပ်သင်တန်းဆင်းများအား လျာထားခန့်ထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လတ်တလောလစ်လပ်မှုရှိနေသည့် ကျောင်းများတွင် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၏အစီအစဉ်ဖြင့် ပြည်နယ်တွင်း အစားထိုးဖြည့်ဆည်း၍ သင်ကြားရေး အောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။