Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်(၂၀-၇-၂၀၂၆)

Monday, July 20, 2026 - 17:33
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

(၁၉)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၆ ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

[ တနင်္လာနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၄)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၅)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) ဒေါ်အေးချမ်းမုံ၊   မွန်ပြည်နယ်   အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၆) ၏ လယ်ယာမြေအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လက်ရှိဥပ‌ဒေ ပြဋ္ဌာန်းချက်များကို ကျင့်သုံးရာတွင် ဖြစ်ပေါ်နေသည့် စီရင်ပိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုများ အပေါ် ပြည်သူများအနေဖြင့် သံသယကင်းရှင်းစွာ နားလည်နိုင်စေရန် လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားရုံးနှင့်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို ခံယူရမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါကြောင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုမဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်းပြီး အငြင်းပွားမှုပေါ်ပေါက်လာပါက သက်ဆိုင်ရာတရားရုံးများ၏ အဆုံးအဖြတ်ကို ခံယူခွင့်ရှိပါကြောင်းကို တည်ဆဲလယ်ယာမြေဥပဒေတွင် ရှင်းလင်းစွာ ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ခ) ဦးသိန်းမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာရှိ ပက်ကလက်တူးမြောင်းနှင့် စံပယ်ဂူလမ်းဘေးတူးမြောင်းအနီးတွင် ရေထိန်းတံခါးတည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေတွင်တင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဂ) ဦးရခွီဖုန် (Rakwi Pung)၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုပြည်သူ့ဆေးရုံအား ခုတင်(၁၀၀)ဆံ့ဆေးရုံမှ ခုတင်(၃၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောမူများအရ ခုတင်(၁၀၀)မှ ခုတင်(၂၀၀)ကို အဆင့်ဦးစွာ တိုးမြှင့်ပေးပြီးမှသာလျှင် ခုတင်(၃၀၀)အဆင့်သို့ တိုးမြှင့်ပေးရမည်ဖြစ်ပါကြောင်း၊ အဆင့်မြှင့်တင်ခွင့်ပြုရန် အသုံးပြုမှုခုတင်ရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်နေသေးသည့်အတွက် လတ်တလောတွင် ဆေးရုံအဆင့်မြှင့်တင်ရန်အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဃ) ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်များအရ ဆေးရုံအဆင့်မြှင့်တင်ရန် (၃)နှစ်အတွင်း ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိနေပါ၍ လတ်တလော (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များတိုးတက်လာပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အချိန်တွင် ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိတွင်လည်း လိုအပ်လျက်ရှိသည့် ဆေးရုံအဆောက်အုံများအား ကျန်းမာရေးဝန်ကြီးဌာနတွင်ရှိသည့် တိုက်နယ်ဆေးရုံ၏ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(င) ဦးအောင်မင်းနိုင်၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ကုသသူ ဆရာဝန်/ဆရာမများ အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေး များ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ဆေးတက္ကသိုလ်များ၏ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခများက ဦးဆောင်ကာ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ အပြည့်အစုံဖြင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် Emergency Care Training နှင့် Basic Life Support(BLS) Training များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုနှင့်အညီ ပိုမိုတိုးချဲ့ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

အဆိုဆွေးနွေးခြင်း 

၅။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးမျိုးသန့် က လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးပါသည်။

၆။ အစည်းအဝေးကို ၁၅:၁၈ နာရီ အချိန်တွင် ရပ်နားပြီး (၂၀)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

အမျိုးသားလွှတ်တော်