Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ် (၁၇-၇-၂၀၂၆)

Friday, July 17, 2026 - 14:37
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

(၁၈)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၃ ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

[ သောကြာနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၁၉၁)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၁၈)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) ဒေါ်မြမြသက်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ၏ နဝတ အစိုးရကာလ ၁၉၈၉ ခုနှစ်ကတည်းက မြို့ကွက်သစ်အဖြစ် တိုးချဲ့ တည်ဆောက်ပေးခဲ့သည့် စစ်တွေမြို့၏ ရပ်ကွက်ကြီးတစ်ခုဖြစ်သော မင်းဂံရပ်ကွက်တွင် ကွန်ကရစ်လမ်း ထပ်မံခင်းပေးရန် ကျန်ရှိသောမြေသားလမ်းအရှည်(၈၀၅၄၀)ပေအား ဘဏ္ဍာရေးနှစ်အလိုက် ပြီးပြည့်စုံအောင် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် မင်းဂံရပ်ကွက်၌ မြို့ပြစီမံကိန်းအရ တည်ဆောက်ထားသည့်ဈေးအား စည်ပင်ဥပဒေ၊ ဈေးအင်္ဂါရပ်နှင့်အညီ သပ်ရပ်သန့်ရှင်းစွာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် က ကျန်ရှိသည့် လမ်းသွယ်၊ လမ်းကြားများကိုလည်း ရေးစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်း၊ ရေးစီးရေလာအခြေအနေစောင့်ကြည့်ခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထုအသုံးများသော လမ်းများအလိုက်ဦးစားပေးလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးပြီး ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရအဖွဲ့မှလည်း လမ်းညွှန်မှုပြုလုပ်ထားပြီးဖြစ်၍ နှစ်အလိုက်တိုးတက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းနှင့် မင်းဂံဈေးအဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ လတ်တလောတွင် ဈေးရောင်းချသူများ နည်းပါးသော်လည်း ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဈေးသူ ဈေးသားများနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

( ခ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ (၁၂၀ x ၂၀ x ၁၂)ပေ တစ်ထပ် ကျောင်းဆောင် သွပ်မိုး၊ တမံတလင်းခင်း၊ အုတ်ညှပ်(ပင်မဆောင်)အား ဖျက်သိမ်းခွင့်ပြုရန်နှင့် (၁၃၀ x ၃၀)ပေ RC (၂)ထပ် အစားထိုးကျောင်းဆောင် သစ်တစ်ဆောင်အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က (၁၁၀ x ၃၀)ပေ RCC(၂)ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစား‌ပေး အစီအစဉ်အရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( ဂ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်အတွင်းရှိ ကင်ဆားရာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ပင်မကျောင်းဖြစ်သော အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် (၀.၃)မိုင်သာ ကွာဝေးပါသဖြင့် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးနိုင်ရန်အတွက် သတ်မှတ်ထားသော လျာထားချက်နှင့် ကိုက်ညီမှုမရှိသေးပါသဖြင့် အဆင့်တိုးမြှင့်ပေးရန် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် အဆောက်အဦးလိုအပ်နိုင်သည့် အခြေအနေအပေါ်တွင် ကွင်းဆင်းစစ်ဆေးပြီး ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး ပြည်နယ်ဦးစားပေးအစီအစဉ်အရ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

(ဃ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ဒူးကောင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ (၁၀၀x၂၄x၁၃)ပေ တစ်ထပ်ဆောင် သွပ်မိုး၊ ပျဉ်ထောင်/ထရံကာ၊ ပျဉ်ခင်း(ပင်မဆောင်)အား ဖျက်သိမ်းရန်နှင့် (၁၃၀x၃၀)ပေ RC ကျောင်းဆောင်သစ်တစ်ဆောင် အစားထိုးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က (၁၁၀ x ၃၀)ပေ RCC(၂)ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစား‌ပေးအစီအစဉ်အရ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေ က မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

၆။ အစည်းအဝေးကို ၁၀:၄၇ နာရီ အချိန်တွင် ရပ်နားပြီး (၁၉)ရက်မြောက်နေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်(တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်