Share this

ဒေါ်အေးချမ်းမုံ၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ "လယ်ယာမြေအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လက်ရှိဥပ‌ဒေပြဋ္ဌာန်းချက်များကို ကျင့်သုံးရာတွင် ဖြစ်ပေါ်နေသည့် စီရင်ပိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုများအပေါ် ပြည်သူများအနေဖြင့် သံသယကင်းရှင်းစွာနားလည်နိုင်စေရန် လယ်ယာမြေအငြင်းပွားမှုများဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း" နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 20, 2026 - 14:05
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Daw Aye Chan Mhone

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဒေါ်အေးချမ်းမုံ

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

မြေယာကဏ္ဍသည် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့်ကဏ္ဍတစ်ခုဖြစ်ပြီး မြေယာအငြင်းပွားမှုများသည်လည်း ပြည်သူများအကြား အများဆုံးဖြစ်ပွားလျက်ရှိသော အငြင်းပွားမှုများထဲမှ တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မြေယာနှင့်သက်ဆိုင်သောဥပဒေများသည် ပြည်သူများ၏အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို အားကောင်းစေရန် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိနေပါသည်။

လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေများအရ မြေယာစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများအတွက် သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကို အာဏာအပ်နှင်းထားသကဲ့သို့ တရားမကြောင်းဆိုင်ရာအမှုများကိုလည်း သက်ဆိုင်ရာတရားရုံးများက စီရင်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၂၅(ဂ) တွင် တိုင်းဒေသကြီး (သို့) ပြည်နယ်၊ နေပြည်တော်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ တစ်ဖက်တွင်လည်း တရားမကျင့်ထုံးဥပဒေပုဒ်မ ၉ အရ တရားရုံးများသည် ဥပဒေအရ အတိအလင်းဖြစ်စေ၊ သဘောသက်ရောက်မှုအရဖြစ်စေ ပိတ်ပင်ထားခြင်းမရှိသော တရားမဆိုင်ရာအမှုများကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် မြေယာအငြင်းပွားမှုများဖြစ်ပေါ်လာသည့်အခါ မည်သည့်အဖွဲ့အစည်းက နောက်ဆုံးအဆုံးအဖြတ်ပေးရမည်၊ မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဆိုသည့်အချက်မှာ ပြည်သူများအတွက်သာမက ဥပဒေကိုကျင့်သုံးသူများအတွက်ပါ ရှင်းလင်းမှုလိုအပ်နေသည့်ကိစ္စရပ်တစ်ခုဖြစ်လာပါသည်။

လက်တွေ့မြေပြင်တွင် အထူးသဖြင့် မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများ၌ မိသားစုဝင်များအကြား မြေယာအသုံးပြုခွင့်နှင့်ပတ်သက်သော အငြင်းပွားမှုများလည်းဖြစ်ပေါ်နေပြီး ပြည်သူများအနေဖြင့် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဆိုသည်ကို ရှင်းလင်းစွာမသိရှိနိုင်သည့်အခြေအနေများရှိနေပါသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများတွင် လယ်ယာမြေအသုံးပြုခွင့်ရရှိထားသူနှင့် အသုံးပြုခွင့်ရရှိနိုင်ကြောင်း အထောက်အထားတင်ပြနိုင်သူတို့ကို အသိအမှတ်ပြုထားသော်လည်း အဆိုပါ အခွင့်အရေးများအပေါ် အငြင်းပွားမှုများလည်းဖြစ်ပေါ်လာသည့်အခါ စီရင်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ ရှင်းလင်းမှုကို လိုအပ်နေဆဲဖြစ်ပါသည်။

ထိုသို့ ဥပဒေပြဋ္ဌာန်းချက်များအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုကွဲပြားနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် အမှုကိစ္စတစ်ခုတည်းအတွက် ဌာနဆိုင်ရာများနှင့် တရားရုံးများအကြား အကြိမ်ကြိမ်လှည့်လည်ဆောင်ရွက်ရခြင်း၊ အချိန်နှင့် ငွေကြေးကုန်ကျမှုများ ကြုံတွေ့ရနိုင်သည့်အပြင် တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါသည်။

လွှတ်တော်သည် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို အထောက်အကူပြုရမည့်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပေးရမည့် တာဝန်ရှိသော အဖွဲ့အစည်းများဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများကြုံတွေ့နေရသော ဥပဒေရေးရာမရှင်းလင်းမှုများကို ဖြေရှင်းပေးနိုင်ရန်နှင့် ဥပဒေများကို တစ်ပြေးညီ နားလည်ကျင့်သုံးနိုင်စေရန် ဆောင်ရွက်ပေးခြင်းသည်လည်း လွှတ်တော်၏ အရေးကြီးသောတာဝန်တစ်ရပ်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြေယာအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လက်ရှိဥပဒေပြဋ္ဌာန်းချက်များကိုကျင့်သုံးရာတွင်ဖြစ်ပေါ်နေသည့် စီရင်ပိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုများအပေါ် ပြည်သူများအနေဖြင့် သံသယကင်းရှင်းစွာ နားလည်နိုင်စေရန် မြေယာအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက မည်သည့်အဖွဲ့အစည်း၏ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ လေးစားစွာ မေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဒေါ်အေးချမ်းမုံ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများခင်ဗျား

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းဖြစ်ပါတယ်။

ဥက္ကဌကြီးခင်ဗျာ အချက်အလက်များနှင့်တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါသည်။

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)မှ ဒေါ်အေးချမ်းမုံ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖြေကြားသွားမည်ဖြစ်ပါသည်။

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)မှ ဒေါ်အေးချမ်းမုံ၏ “လယ်ယာမြေအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ လက်ရှိဥပဒေပြဋ္ဌာန်းချက်များကို ကျင့်သုံးရာတွင်ဖြစ်ပေါ်နေသည့် စီရင်ပိုင်ခွင့်ဆိုင်ရာ မရှင်းလင်းမှုများအပေါ် ပြည်သူများအနေဖြင့် သံသယကင်းရှင်းစွာနားလည်နိုင်စေရန် လယ်ယာမြေအငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တရားရုံးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တို့အနက် မည်သည့်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို အတည်ယူရမည်ဖြစ်ကြောင်း ရှင်းလင်းစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/ မရှိသိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားသွားမည်ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၁) ဖြင့် ၃၀-၃-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ လယ်ယာမြေဥပဒေကိုပြင်ဆင်သည့်ဥပဒေ(၂၀၂၀ ပြည့်နှစ်)ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂) ဖြင့် ၁၄-၂-၂၀၂၀ ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားရှိခဲ့ပြီးဖြစ်ပါသည်။

“လယ်ယာမြေလုပ်ပိုင်ခွင့်”ကို လယ်ယာမြေဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (စ)တွင် “နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ သို့ရာတွင် မြေပေါ်၊မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများထုတ်ယူအသုံးချခွင့်မပါဝင်” ဟု ပြဋ္ဌာန်းထားရှိခဲ့ပြီးဖြစ်ပါသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းပြီးနောက် တောင်သူလယ်သမားများအနေဖြင့် လယ်ယာမြေကို သားစဉ်မြေးဆက်လုပ်ပိုင်ခွင့်ရရှိစေရန်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇) (Right to use the farmland)များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ထုတ်ပေးပြီး ဖြစ်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ ၇)ရရှိသူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများပေါ်ပေါက်လာပါက လယ်ယာမြေ ဥပဒေပုဒ်မ ၂၂ နှင့်အညီ  သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် မူလမှုခင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်အမိန့်အား ကျေနပ်မှုမရှိပါက လယ်ယာမြေဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(က)နှင့်အညီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း အယူခံဝင်ရောက်နိုင်ပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက လယ်ယာမြေဥပဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ(က)နှင့်အညီ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း(၃၀) အတွင်း အယူခံဝင်ရောက်နိုင်ပါကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက လယ်ယာမြေဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (က)နှင့်အညီ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း (၆၀)အတွင်း အယူခံဝင်ရောက်နိုင်ပါကြောင်း၊ လယ်ယာမြေ ဥပဒေပုဒ်မ ၂၅ ပုဒ်ခွဲ (ဂ) အရ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။

လယ်ယာမြေဥပဒေအရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့မှ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အငြင်းပွားမှုပုံစံများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

  • မူလလုပ်ကိုင်သူနှင့် လက်ရှိလုပ်ကိုင်သူတို့ အငြင်းပွားသည့်အမှုကိစ္စ
  • သက်ကြီးရွယ်အိုတောင်သူနှင့် လူငယ်များ လုပ်ကိုင်မှုအငြင်းပွားသည့်အမှုကိစ္စ
  • နိုင်ငံခြားသို့သွားသောသူတို့ လုပ်ကိုင်ခဲ့သည့် မြေယာအငြင်းပွားမှုကိစ္စ
  • မြေပိုင်ဆိုင်ခွင့်အရ လုပ်ကိုင်ခွင့်ရလိုမှု အငြင်းပွားသည့် အမှုကိစ္စ
  • ပေါင်နှံထားသည့် လယ်ယာမြေကို ပြန်လည်ရွေးနုတ်လုပ်ကိုင်လိုမှုနှင့် အငြင်းပွားသည့်အမှုကိစ္စ
  • လူမှုရေးထောက်ပံ့ရန် ကတိပျက်ကွက်မှုကြောင့် အငြင်းပွားမှုဖြစ်ပေါ်လာသည့်အမှုကိစ္စ
  • တရားဝင်ပိုင်ဆိုင်ထားသူနှင့် လက်ရှိလုပ်ကိုင်နေသူတို့၏ မြေယာလုပ်ကိုင်ခွင့်အငြင်းပွားမှုကိစ္စ
  • ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်ရရှိထားမှုအပေါ် လက်ရောက်ရရှိလိုမှုဖြစ်ပွားသည့်အမှုကိစ္စ

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုမဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လာပါက လယ်ယာမြေဥပဒေပုဒ်မ ၉ ပုဒ်ခွဲ (ဂ)နှင့်အညီ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကိုခံယူခွင့်ရှိပါသည်။

သို့ဖြစ်ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ အဆုံးအဖြတ်ကိုခံယူရမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုမဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လာပါက သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကိုခံယူခွင့်ရှိပါကြောင်းကို တည်ဆဲလယ်ယာမြေဥပဒေတွင် ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါကြောင်း ဖြေကြားအပ်ပါသည်။

အားလုံးကိုကျေးဇူးတင်ပါသည်။