တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်ဌေး
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
အထက်အကြောင်းအရာအပါကိစ္စနှင့်ပတ်သက်၍ ဂန့်ဂေါခရိုင်အတွင်းရှိ (၃)မြို့နယ်ဖြစ်သော ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်များတို့တွင် နေထိုင်သော ပြည်သူများအနေဖြင့် ပခုက္ကူမြို့သို့ လိုင်စင်သက်တမ်း သွားရောက်ဆောင်ရွက်ရန် လမ်းခရီးတွင် အကြမ်းဖက် PDF များမှ ဂိတ်တားရှိပြီး စစ်ဆေးခြင်းကြောင့် အခက်အခဲရှိခြင်း၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးဦးစီးဌာန ပခုက္ကူမြို့မှလည်း ဂန့်ဂေါခရိုင်အတွင်းရှိ မြို့များသို့ လိုင်စင်သက်တမ်းတိုးလုပ်ငန်း လာရောက်ပြုလုပ်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် လိုင်စင်သက်တမ်း ပြတ်တောက်နေမှုများအတွက် သက်တမ်းတိုးခွင့်ရရှိရေးအတွက် အောက်ပါအချက်များ ဆောင်ရွက်ပေးနိုင်ပါရန် ပြည်သူများမှ လိုလားတောင့်တလျက်ရှိပါသည်-
(က) ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဆိုင်ကယ်တစ်စီးချင်းအလိုက် သက်တမ်းတိုးခနှင့် ဒဏ်ကြေးငွေပေးသွင်းခွင့်ပြုပေးပါရန်၊
(ခ) ယာဉ်စစ်ဆေးခြင်းလုပ်ငန်းတွင် ယာဉ်သယ်ယူပို့ဆောင်နိုင်သည့် တည်ငြိမ်အေးချမ်းသော ကာလရောက်ရှိမှသာ စစ်ဆေးခွင့်ပြုပါရန်၊
(ဂ) လက်ရှိ ဂန့်ဂေါမြို့ပေါ်တွင် သက်တမ်းလွန်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ စီးနင်းနေရမှုအပေါ် အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပြုပေးပါရန်၊
ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ၏ ဆိုင်ကယ်များစာရင်းကောက်ယူပြုစုတင်ပြချက်များအရ လိုင်စင်သက်တမ်းပြတ်တောက်ပြီး သက်တမ်းတိုးလိုသော ယာဉ်စီးရေမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း စိစစ်တွေ့ရှိရပါသည်-
(ဆောမြို့နယ်၊ ထီးလင်းမြို့နယ်များမှ စာရင်းမရရှိသေးပါ)
သို့ဖြစ်ပါ၍ အများပြည်သူများ၏ အခြေခံလိုအပ်ချက်များကိုရှေးရူ၍ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပထမရက်(၁၀၀)ကာလအတွင်း Quick Win လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူလူထုမှလိုလားတောင့်တသော အမှန်တကယ် အကျိုးရှိစေမည့် လိုင်စင်သက်တမ်းပြတ်တောက်နေသည့်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ သက်တမ်းတိုးခွင့်လုပ်ငန်းအဖြစ် သတ်မှတ်သည့်နှုန်းထားအတိုင်း လိုင်စင်သက်တမ်းတိုးကြေးနှင့် ဒဏ်ကြေးငွေများကို ဂန့်ဂေါမြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် သက်ဆိုင်ရာဌာနငွေစာရင်းအမှတ်သို့ပေးသွင်း၍ သက်တမ်းတိုးခွင့် စီမံဆောင်ရွက်ပေးသင့်ပါကြောင်း တင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်ဌေး မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်ထေင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျား။
မကွေးတိုင်းဒေသကြီး၊ အမှတ်(၇)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ကျွန်တော် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင်က ပြန်လည်ဖြေကြားမှာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ (၃)မြို့နယ်ဖြစ်တဲ့ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်တို့သည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ပခုက္ကူ)၏ မှတ်ပုံတင်နယ်မြေဖြစ်ပြီး နယ်လှည့်ဆောင်ရွက်ခြင်းအား ဂန့်ဂေါမြို့နယ်သို့ (၁)နှစ်လျှင် (၄)ကြိမ် (မတ်၊ ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာ) ထီးလင်းမြို့နယ်သို့ (၁)နှစ်လျှင် (၂)ကြိမ် (ဇွန်၊ ဒီဇင်ဘာ) ဆောမြို့နယ်သို့ (၁)နှစ်လျှင် (၃)ကြိမ် (ဖေဖော်ဝါရီ၊ ဇူလိုင်၊ နိုဝင်ဘာ) မြန်မာ့အာမခံလုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်ခဲ့ပြီး၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဂန့်ဂေါမြို့နယ်သို့ (၃/၂၀၂၀)လတွင်လည်းကောင်း၊ ထီးလင်းမြို့နယ်သို့ (၆/၂၀၁၉)လတွင်လည်းကောင်း၊ ဆောမြို့နယ်သို့ (၂/၂၀၂၀)လတွင်လည်းကောင်း နောက်ဆုံးနယ်လှည့် ဆောင်ရွက်ပေးခဲ့ပါတယ်။
မြို့နယ်အလိုက် မှတ်ပုံတင်ထားမှုအခြေအနေမှာ ဂန့်ဂေါမြို့နယ်တွင် ယာဉ်မောင်းလိုင်စင် ၁၂,၈၆၄ စောင်၊ မော်တော်ဆိုင်ကယ် ၉၃၄ စီး၊ မော်တော်ဆိုင်ကယ် ၅၃၁ စီး၊ မော်တော်ယာဉ် ၉၀ စီးနှင့် ဆောမြို့နယ်တွင် ယာဉ်မောင်းလိုင်စင် ၂၆,၈၄၂ စောင်၊ မော်တော်ဆိုင်ကယ် ၂,၀၈၇ စီး၊ မော်တော်ယာဉ် ၆၄၉ စီးတို့ ဖြစ်ပါတယ်။
မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းများဆောင်ရွက်ရာ၌ မြန်မာ့စီးပွားရေးဘဏ်သို့ငွေပေးသွင်းရုံဖြင့် ဆောင်ရွက်၍မရနိုင်ခြင်းနှင့် လတ်တလောလမ်းခရီးအခြေအနေအရ ဝန်ထမ်းများနယ်လှည့်၍ လုပ်ငန်းဆောင်ရွက်ပေးရန် မဖြစ်နိုင်သေးခြင်းကြောင့် သက်တမ်းတိုးလုပ်ငန်းများကို အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်-
နည်းလမ်း(၁)အနေဖြင့် အဆိုပါမြို့နယ်များရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီများက သက်တမ်းတိုးဆောင်ရွက်လိုသော ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်သက်သေခံလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်များအား စုစည်း၍ ခရိုင်ရုံး(ပခုက္ကူ) ပေးပို့ပြီး ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ဖြင့် ယာဉ်နှင့် လိုင်စင်တစ်စောင်ချင်းစီ၏ သက်တမ်းတိုးကျသင့်ငွေများအား တွက်ချက်၍ ခရိုင်ရုံး(ပခုက္ကူ)သို့ ငွေလွှဲပေးပို့ရပါမယ်။ ဌာနအနေဖြင့် သက်တမ်းတိုးလုပ်ငန်းဆောင်ရွက်ပြီးနောက် အဆိုပါမြို့နယ်များသို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ ကိုယ်စားလှယ်ဖြင့် ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ပခုက္ကူ)သို့ ၁၈-၅-၂၀၂၆မှာ ညွှန်ကြားထားပြီးဖြစ်ပါတယ်။
နည်းလမ်း(၂)အနေဖြင့် ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်သက်သေခံလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်များအား ပေးပို့ရန် လမ်းခရီးအခြေအနေအရ အခက်အခဲရှိပါက လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တင်ပြချက်စာပါအတိုင်း အဆိုပါမြို့နယ်များတွင် အသုံးပြုနေသော ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များနှင့်စပ်လျဉ်း၍ ယာဉ်တစ်စီးချင်းစီနှင့် ယာဉ်မောင်းလိုင်စင်တစ်စောင်ချင်းစီအလိုက် သက်တမ်းကုန်ဆုံးရက်များအား စာရင်းပြုစု၍ ဂန့်ဂေါခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အမြန်ဆုံးပေးပို့နိုင်ရေး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ပခုက္ကူ)သို့ ၁၈-၅-၂၀၂၆ ရက်နေ့တွင် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အဆိုပါမြို့ (၃)မြို့အတွက် အထက်ပါနည်းလမ်း(၂)ခုဖြင့် မှတ်ပုံတင်သက်တမ်းကုန်ဆုံးသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။