Share this

နန်းဝိုးစိန်၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ၏ “ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ် မိုင်းပျဉ်း-မိုင်းဆက် မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ မိုင်းပျဉ်း-မိုင်းပုအွန်လမ်းအား ကျောက်ချောလမ်းအဆင့်မှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် ယမ်းမိုင်ကျေးရွာမှတစ်ဆင့် မိုင်းပုအွန် ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လာမည့်ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, June 19, 2026 - 15:59
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Nan Woe Sein

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) နန်းဝိုးစိန်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်း-မိုင်းဆတ်လမ်း မြို့နယ်ချင်းဆက်လမ်းပေါ်ရှိ မိုင်းပျဉ်း-မိုင်းပုအွန်လမ်းသည် လက်ရှိအခြေအနေတွင် ကျောက်ချောလမ်းဖြင့်သာ ရှိနေခြင်းကြောင့် မိုးတွင်းကာလတွင် ရေတိုက်စားခြင်း၊ ချိုင့်ခွက်များ ဖြစ်ပေါ်ခြင်း၊ လမ်းအူကြောင်း မညီမညာဖြစ်ခြင်းကြောင့် ကားများသွားလာရေး ခက်ခဲလှပါသည်။ မိုင်းပျဉ်းမြို့ စွန်တောင်းရွာမှ ယမ်းမိုင်အုပ်စု၊ ယမ်းမိုင်ရွာအစပ်အထိ ကတ္တရာလမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခင်းကျင်းထားပြီး ဖြစ်ပါသည်။ သို့သော် ယမ်းမိုင်ရွာမှတစ်ဆင့် မိုင်းပုအွန်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ကတ္တရာလမ်းအဖြစ် ဆက်လက်အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ အဆိုပါ မိုင်းပျဉ်း-မိုင်းပုအွန်လမ်းတစ်လျှောက်တွင် ယမ်းမိုင်ကျေးရွာအုပ်စုမှ ကျေးရွာ(၁၁)ရွာ၊ ယမ်းခင်းကျေးရွာအုပ်စုမှ ကျေးရွာ(၁၂)ရွာ၊ မိုင်းပုအွန် ကျေးရွာအုပ်စုမှ ကျေးရွာ(၉)ရွာ စုစုပေါင်းကျေးရွာ (၃၂)ရွာ ခန့်မှန်းလူဦးရေ (၅၀၀၀)ဦးကျော်တို့အား အကျိုးပြုနိုင်ပြီး ပြည်သူများ ခရီးသွားလာရေးအဆင်ပြေချောမွေ့‌စေရန်အတွက် စီမံချက်များရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မရှိပါက အဘယ့်ကြောင့်ဖြစ်သည်ကို သိရှိလိုပါ၍ မေးမြန်းတင်ပြရခြင်း ဖြစ်ပါတယ်ရှင်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) နန်းဝိုးစိန် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်

 

လေးစားအပ်ပါသောအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းပြည့်စုံကြပါစေလို့ ဦးစွာပထမဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျား။

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်ဖြစ်ပါသည်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျား

ကျွန်‌တော့်အနေဖြင့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) နန်းဝိုးစိန် မှ မေးမြန်းထားတဲ့ “ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ် မိုင်းပျဉ်း-မိုင်းဆက် မြို့နယ်ချင်းဆက် လမ်းပေါ်ရှိ မိုင်းပျဉ်း-မိုင်းပုအွန်လမ်းအား ကျောက်ချောလမ်းအဆင့်မှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်နှင့် ယမ်းမိုင်ကျေးရွာမှတစ်ဆင့် မိုင်းပုအွန်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ လာမည့်ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ” နဲ့ စပ်လျဉ်းတဲ့မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်နဲ့ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ မိုင်းပျဉ်း- မိုင်းပုအွန်- မိုင်းဆတ်လမ်းဟာ စုစုပေါင်း လမ်းမိုင်အရှည် ၈၁ မိုင် ၇.၁ ဖာလုံရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲတဲ့လမ်းဖြစ်ပါတယ်။ ၎င်းလမ်းအပိုင်းမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းတဲ့ မိုင်းပျဉ်း - ယမ်းမိုင် - မိုင်ပုအွန်လမ်းပိုင်းဟာ ၁၃ မိုင် ၅ ဖာလုံ ရှည်လျားပြီး လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေ အကျယ် ကတ္တရာလမ်း ၃ ဖာလုံ၊ ကျောက်လမ်း ၉ မိုင် ၂ ဖာလုံ၊ အမာခံလမ်း ၄ မိုင်ဖြစ်ပါတယ်။ ကတ္တရာလမ်းအဆင့် ဆောင်ရွက်ရန် ၁၃ မိုင် ၂ ဖာလုံ ကျန်ရှိမှာဖြစ်ပြီး တစ်ရက်ပျမ်းမျှ ယာဉ်စီးရေမှာ ၁၅၆ စီးခန့်ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ရှမ်းပြည်နယ်ရန်ပုံငွေဖြင့် ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ကျောက်ရောမြေဖြင့် လမ်းမျက်နှာပြင်ပြုပြင်ခြင်း ၃ မိုင် ၁.၉ ဖာလုံ၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် Box Culvert (၁) စင်းတည်ဆောက်ခြင်းနှင့် လမ်း/တံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကျောက်လမ်းနှင့် အမာခံလမ်းအဖြစ် ကျန်ရှိတဲ့ ၁၃ မိုင် ၂ ဖာလုံကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ဘဏ္ဍာရေးနှစ်အလိုက် ရှမ်းပြည်နယ်လမ်းဦးစီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လျာထားတင်ပြသွားမှာဖြစ်ပြီး ရန်ပုံ‌ငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သောအချက်အလက်များနှင့်ပေါင်းစပ်၍ ရှင်းလင်း ဖြေကြားအပ်ပါတယ်

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။