Share this

ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ၏ "အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရေး" အဆိုတင်သွင်းခြင်း

Monday, June 15, 2026 - 15:36
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအဆိုများ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)

 စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ချစ်လွင် မှ

"အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရေး" အဆိုတင်သွင်းခြင်း

 

မင်္ဂလာပါခင်ဗျာ

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့တကွ မဲဆန္ဒနယ်အသီးသီးမှ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ.....

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချစ်လွင်ဖြစ်ပါတယ်။ ကျွန်တော်အနေဖြင့် “အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရေး အဆိုကို တင်သွင်းသွားမှာဖြစ်ပါတယ်ခင်ဗျာ-

လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ ကျွန်တော်က စစ်ကိုင်း၊ ရွာသစ်ကြီးပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် အမှတ်စဉ်(၁၃) ဆင်း ဆရာတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ အလုပ်ဝင်စက မူလတန်းအဆင့် ကျောင်းတစ်ကျောင်းမှာဆိုရင် မူလတန်းပြဆရာတိုးခန့်ပေးပါတယ်။ ကျောင်းတစ်ကျောင်းရဲ့ ဆရာ/ ဆရာမ အင်အားကတော့ အနည်းဆုံးက (၃) ယောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်က သင်ကြားရေး အောင်မြင်ထမြောက်အောင် သင်ကြားပေးနိုင်ခဲ့ပါတယ်။

အခုအချိန် သင်ကြားရေးစနစ်သစ်နဲ့ဆိုတော့  အခြေခံပညာမူလတန်းကျောင်း တစ်ကျောင်းမှာ  ဆရာ/ဆရာမ အင်အားအနည်းဆုံး(၁+၄) နဲ့ သင်ကြားနေတာ တွေ့မြင်ရပါတယ်။ ကျွန်တော့်အနေနဲ့ အခြားမြို့နယ်ပညာရေးထက် ကျွန်တော့် မဲဆန္ဒနယ်ဖြစ်တဲ့ ခန္တီးမြို့ နယ်ပညာရေးအကြောင်းကိုသာ နမူနာပေး ဆွေးနွေးသွားမှာဖြစ်ပါတယ်။

လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး......

အခုတင်ပြမည့် အချက်အလက်တွေဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရဲ့  ၁၈-၃- ၂၀၂၆ နေ့က စာရင်းတွေဖြစ်ပါတယ်။  ခန္တီးမြို့နယ် အခြေခံပညာကျောင်းများဖွင့်လှစ်မှု အခြေအနေကတော့-

အခြေခံပညာအထက်တန်းကျောင်း - ၃ ကျောင်း 

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)- ၅ ကျောင်း

အခြေခံပညာအလယ်တန်းကျောင်း- ၃ ကျောင်း

အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)- ၅ ကျောင်း

အခြေခံပညာမူလတန်းလွန်ကျောင်း - ၁၇ ကျောင်း

အခြေခံပညာမူလတန်းကျောင်း - ၃၈ ကျောင်း

အခြေခံပညာမူလတန်းကျောင်း(ခွဲ) - ၂၀ ကျောင်း

ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း- ၂ ကျောင်း

ဘုန်းတော်ကြီးသင်မူလတန်းကျောင်း- ၄ ကျောင်း ရှိပါတယ်

တစ်မြို့နယ်လုံးမှာ အခြေခံပညာအထက်တန်း/ အလယ်တန်း/မူလတန်းနဲ့ ဘ/က ကျောင်းပေါင်း ၉၇ ကျောင်းရှိပါတယ်ခင်ဗျာ။

ကျောင်းအဆင့်အလိုက် ကျောင်းအုပ်ဆရာကြီး ခွဲဝေ/ ခန့်ထား/ လစ်လပ်မှု အခြေအနေကို တင်ပြပါ့မယ်။

ခန္တီးမြို့နယ်မှာ အထက်တန်းကျောင်း ၃ ကျောင်း ရှိပါတယ်။ ကျောင်းအုပ်ဆရာကြီး ၂ ဦး သာ ခန့်ထားနိုင်ပြီး ၁ ဦးလစ်လပ်ဖြစ်ပါတယ်။ အလယ်တန်းကျောင်း ၈ ကျောင်းရှိပြီး၊ ကျောင်းအုပ်အပြည့် ခန့်ထားနိုင်ပါတယ်။ အလယ်တန်း‌ကျောင်းခွဲ  ၅ ကျောင်း၊ မူ/လွန်ကျောင်း ၁၇ ကျောင်း၊ မူလတန်းကျောင်း ၃၈ ကျောင်း၊ မူလတန်းကျောင်း(ခွဲ)မှာတော့ ကျောင်းအုပ်ခွဲဝေ ခန့်ထားခြင်းမရှိပါဘူး။ ဘ/က ကျောင်း (၆) ကျောင်းနဲ့ပေါင်းရင် ကျောင်းပေါင်း ၉၇ ကျောင်း ရှိပါတယ်။

ဆက်လက်ပြီး ကျောင်းအဆင့်အလိုက် သင်ကြားရေး ဆရာ/ဆရာမ ခွဲဝေ/ ခန့်ထား/ လစ်လပ်အခြေအနေကို တင်ပြပါ့မယ်။

အထက်တန်းပြ ဆရာ/ဆရာမ ခွဲဝေဦးရေဟာ ၁၂၅ ဦးရှိပြီး၊ ခန့်ထားဦးရေဟာ ၅၅ ဦးသာ ခန့်ထားနိုင်တဲ့အတွက် ဆရာ/ဆရာမ ၇၀ ဦး လစ်လပ်နေပါတယ်။

အလယ်တန်းပြဆရာ/ဆရာမ  ခွဲဝေဦးရေးဟာ  ၇၆ ဦးရှိပြီး၊ ခန့်ထားဦးရေဟာ ၁၀ ဦးသာ ခန့်ထားနိုင်တဲ့အတွက် ဆရာ/ဆရာမ ၆၆ ဦး လစ်လပ်နေပါတယ်။ 

ဒု-အလယ်တန်းပြရာထူးမှာ ဆရာ/ဆရာမ ခွဲဝေဦးရေဟာ ၁၀၆ ဦးရှိပြီး၊ ခန့်ထားဦးရေဟာ ၂၃ ဦးသာ ခန့်ထားနိုင်တဲ့အတွက် ဆရာ/ ဆရာမ ၈၃ ဦး လစ်လပ်နေပါတယ်။ 

ဒု-မူလတန်းပြဆရာ/ဆရာမခွဲဝေဦးရေဟာ ၁၂၁ ဦးရှိပြီး ခန့်ထားဦးရေဟာ ၄၀ ဦးသာ ခန့်ထားနိုင်တဲ့အတွက် ဆရာ/ဆရာမ ၈၁ ဦး လစ်လပ်နေပါတယ်။

ဒု-အလယ်တန်း(ကာယဆရာ/ဆရာမ ခွဲဝေဦးရေဟာ ၈ ဦးရှိပြီး ခန့်ထားဦးရေဟာ ၅ ဦး သာ ခန့်ထားနိုင်တဲ့အတွက် ဆရာ/ဆရာမ ၃ ဦး လစ်လပ်နေပါတယ်။ 

လက်ထောက်အလယ်တန်းပြ ဆရာ/ဆရာမ ခွဲဝေဦးရေဟာ ၅၄ ဦးရှိပြီး၊ အပြည့်ခန့် ထားနိုင်ပါတယ်။

လက်ထောက်မူလတန်းပြဆရာ/ဆရာမ ခွဲဝေဦးရေဟာ ၂၉၃ ဦးရှိပြီး ခန့်ထားဦးရေဟာ ၁၀၈ ဦးသာ ခန့်ထားနိုင်တဲ့အတွက် ဆရာ/ဆရာမ ၁၈၅ ဦးလစ်လပ်နေပါတယ်။

ခန္တီးမြို့နယ်အတွင်းရှိ ဆရာ/ဆရာမ ခန့်ထား/ခွဲဝေ/လစ်လပ် အင်အားပေါင်းချုပ်ကို ကြည့်မယ်ဆိုရင် ဆရာ/ဆရာမ ခွဲဝေဦးရေဟာ ၈၉၃ ဦးရှိပြီး၊ ခန့်ထားဦးရေဟာ ၃၀၄ ဦးသာ ခန့်ထားနိုင်တဲ့အတွက် ဆရာ/ဆရာမ စုစုပေါင်းလစ်လပ်အင်အားဟာ ၅၈၉ ဦး လစ်လပ်နေပါတယ်။ လစ်လပ်ဦးရေရာခိုင်နှုန်းဟာ ၆၅.၉၅ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် ၆၆ ရာခိုင်နှုန်း လစ်လပ်နေတာ မြင်တွေ့ရပါတယ်။

အခုခေတ် သင်ကြားရေးစနစ်ဟာ ဆရာတစ်ယောက်လစ်လပ်နေရင် လစ်လပ်သလို သင်ကြားရေးမှာ အခက်အခဲရှိပါတယ်။ ခေတ်ကာလအခြေအနေအရလို့ဘဲပြောပြော၊ အကြောင်းအမျိုးမျိုးကြောင့်လို့ပဲဆိုဆို ဆရာ/ဆရာမများလစ်လပ်နေမှုကို နားလည်သဘောပေါက်မိပါတယ်။ ဆရာ/ဆရာမ လစ်လပ်နေမှုကို ဒီတိုင်းထား ဆက်သွားနေရင် မျိုးဆက်သစ်လူငယ် မောင်မယ်များအတွက် ရင်လေးစရာကောင်းလှပါတယ်။ ကျော်လွန်ခဲ့တဲ့ အတိတ်က ဖြစ်ရပ်တွေကို ချန်ထားလိုက်တော့ ... မေ့ထားလိုက်တော့... အခုချိန်ကစပြီး ဆရာ/ဆရာမများ ဖြည့်ဆည်းရေးအစီအစဉ်ကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပညာသင်နှစ် တစ်နှစ်ဆိုတာကြီးကို မစောင့်ဘဲ အခုစလုပ်ရင် လူငယ်မောင်မယ်များအတွက် အခုချက်ချင်းလက်ငင်း အကျိုးရှိမှာဖြစ်ပါတယ်။

လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ မဲဆန္ဒနယ်အသီးသီးမှ တက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ....

ကျွန်တော့်ရဲ့ တင်ပြဆွေးနွေးချက်တွေဟာ ကျွန်တော့်မဲဆန္ဒနယ်က ပညာရေးအခက်အခဲကို တင်ပြပေးတာ.. မျှဝေပေးတာဖြစ်ပါတယ်... တက်ရောက်လာကြတဲ့ မဲဆန္ဒနယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များလည်း ဒီလိုအခြေအနေမျိုး ကြုံတွေ့ကောင်း ကြုံတွေ့ နိုင်ပါတယ်။ တစ်နေရာနဲ့တစ်နေရာ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း သင်ကြားရေး ဆရာ/ ဆရာမ လစ်လပ်မှုကတော့ အတူတူဖြစ်နေမှာသေချာပါတယ်။ နေရာဒေသတစ်ခုက ဖြစ်စဉ်နဲ့ တခြားတနေရာကဖြစ်ရပ်တွေကို ဒီလွှတ်တော်ကြီးမှာ ပေါင်းစပ်ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး အဖြေရှာရအောင်လို့ တင်ပြရခြင်းဖြစ်ပါတယ်။

လေးစားရပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျာ ...

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးနဲ့အညီ တက်သစ်စလူငယ်မောင်မယ်များရဲ့ နောင်ရေးကိုမျှော်တွေးပြီး သင်ကြားရေး ဆရာ/ဆရာမ လစ်လပ်အင်အားစာရင်းကိုတင်ပြခြင်းဟာ ခန့်ထားနိုင်ရေးအတွက် လိုအပ်ချက်ကို ဖော်ပြရခြင်းဖြစ်ပါတယ်။ ဆရာ/ဆရာမများ အသစ်ခန့်ထားချိန်မှာလည်း ပြည့်ရင်ပြီးရောဆိုသည့် သဘောမျိုးမဟုတ်ဘဲ ဆရာ/ဆရာမ တစ်ဦးချင်းဆီကို စိစစ်ခန့်ထားရန်လိုအပ်ပါတယ်။ ဆရာ/ဆရာမများကလည်း မိမိကျရာ နေရာဒေသကို ကိုယ့်မွေးရပ်ဇာတိလိုသဘောထားပြီး ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ လစ်လပ်နေတဲ့  အခြေခံပညာကျောင်းတွေမှာ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ စုံစုံလင်လင်ညီညီညာညာ စာပေရွက်ဖတ်သံနဲ့အတူ ပညာရေးလောကကြီးကို အလှဆင်နိုင်မှာဖြစ်လို့ ဒီအဆိုတင်သွင်းခြင်းဖြစ်ပါတယ်။ 

လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ....

ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်သွင်းလိုတဲ့ အဆိုကတော့ “ အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးရေး” အဆိုကို စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကျွန်တော် ဦးအောင်ချစ်လွင်က အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျာ....

အားလုံးကို ကျေးဇူးတင်ပါတယ်