တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးတင်မျိုးဇော် မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၁။ ကျွန်တော်သည် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဇော်ဖြစ်ပါသည်။
၂။ မကွေးမြို့နယ်၊ မြင်းစိုင်းအုပ်စု၊ မြင်စိုင်းကျေးရွာတွင် လူဦးရေ (၁၃၇၆)ဦး၊ အိမ်ထောင်စု(၃၄၂)၊ အိမ်ခြေ(၃၃၀) ရှိပြီး ကျေးရွာမီးလင်းရေးအတွက် ကျေးရွာအတွင်း (400 Volt) ဓာတ်အားလိုင်း သွယ်တန်းခြင်းကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။
၃။ (11 KVA) ဓာတ်အားလိုင်းရှိသော ယင်းသာစည် (အနောက်) ကျေးရွာနှင့် (၃) မိုင်ခန့်သာ ကွာဝေး၍ မြင်စိုင်းကျေးရွာ မီးလင်းရေးအတွက် (11 KVA) ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် ထရန်စဖော်မာချထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ လေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် ဒုတိယပုံမှန် အစည်းအဝေး၊ ဆဋ္ဌမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးတင်မျိုးဇော်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန် ဦးတင်မျိုးဇော်၊ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မေးမြန်းသည့် “မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြင်စိုင်းကျေးရွာအုပ်စု၊ မြင်စိုင်းကျေးရွာ မီးလင်းရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် ထရမ်စဖော်မာချထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်ပေါင်းစပ်ကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အောက်ပါအတိုင်း ဖြေကြားအပ်ပါသည်-
(၁) မကွေးမြို့နယ်၊ မြင်စိုင်းကျေးရွာအုပ်စု၊ မြင်စိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ သစ်ရာကောက်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် ၁၁ ကေဗွီ မိကျောင်းရဲဖီဒါမှ ဓာတ်အားရယူထားသော ၁၁ ကေဗွီ ဝက်လူးစမ်းကျေးရွာ ဓာတ်အားလိုင်းမှတစ်ဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅.၂ မိုင်ခန့်နှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး တည်ဆောက်သွားရမည်ဖြစ်ပါသည်။
(၂) မြင်စိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဘဏ္ဍာငွေခွင့်ပြုရရှိမှု မလုံလောက်ပါသဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅.၂ မိုင်အနက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃.၅၁ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး တည်ဆောက်ခြလုပ်ငန်းအတွက်ကိုသာ ခန့်မှန်းကုန်ကျငွေ ကျပ်( ၄၉၆.၃၅၁) သန်းဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားနိုင်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျန်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁.၆၉ မိုင်ခန့် တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျငွေကျပ် (၂၀၆) သန်းခန့်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ (သို့မဟုတ်) အထွေထွေပိုလျှံရန်ပုံငွေတို့တွင် ဆက်လက်လျာထားတင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအခြေအနေအရ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။