Share this

ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကုန်းသာ-အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် လိုအပ်နေသော စာသင်ခန်း (၈) ခန်းစာအတွက် (၁၄၀×၃၀) ပေ RC နှစ်ထပ်ဆောင် ထပ်မံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

Monday, June 8, 2026 - 14:05
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Sein Shwe Min

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)  ဦးစိန်ရွှေမင်း ၏ မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း

 

၁။ ကျွန်တော်သည် မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)  ဦးစိန်ရွှေမင်းဖြစ်ပါသည်။ 

၂။ မင်းဘူးမြို့နယ်၊ ကုန်းသာကျေးရွာရှိ အထက(ခွဲ) ကျောင်း၌ ကျောင်းသားဦးရေ (၄၃၆) ဦး ရှိပါသည်။ 

၃။ စာသင်ဆောင်များအနေဖြင့်-

(က) စာသင်ခန်း(၃) ခန်းပါ ၁၀၈ ×၄၂ ပေ အုပ်ညှပ် တစ်ထပ်‌ဆောင် (၁) ဆောင်

(ခ) စာသင်ခန်း(၃) ခန်းပါ ၁၀၄ ×၃၀ ပေ အုပ်ညှပ် တစ်ထပ်‌ဆောင် (၁) ဆောင်

(ဂ) စာသင်ခန်း(၂) ခန်းပါ ၆၀ ×၃၀ ပေ အုပ်ညှပ် တစ်ထပ်‌ဆောင် (၁) ဆောင်

(ဃ) စာသင်ခန်း(၁) ခန်းပါ ၄၀ ×၃၀ ပေ အုပ်ညှပ် တစ်ထပ်‌ဆောင် (၁) ဆောင်

စုစုပေါင်း စာသင်ဆောင်(၄) ဆောင်မှ စာသင်ခန်း(၉)ခန်းသာ ရှိပါသည်။ ကျောင်းသားဦးရေနှင့် တန်းခွဲများအရ စာသင်ခန်း(၈) ခန်းလိုအပ်နေပါသေးသည်။ 

၄။ ပညာရေးဌာနမှ ယခုဘတ်ဂျက်တွင် တစ်ထပ်ဆောင်တည်ဆောက်ပေးမည်။ လိုအပ်ပါက နောက်ဘတ်ဂျက်တွင် လျာထားပေးမည်ဟု ဆိုလာပါသည်။ လိုအပ်နေသော စာသင်ခန်းအရေအတွက်ပြည့်မှီရန် တစ်ထပ်ဆောင် (၂) ဆောင် တည်ဆောက်မည်ဆိုပါက အထက(ခွဲ) ဖြစ်သည့်အတွက် အခြားသင်ထောက်ကူဆိုင်ရာအဆောက်အဦများ ထပ်မံတည်ဆောက်ရသည့်အခါ ကျောင်းဝန်းမြေနေရာအခက်အခဲဖြစ်လာနိုင်ပါသည်။

၅။ သို့ဖြစ်ပါ၍ မင်းဘူးမြို့နယ်ရှိ အထက(ခွဲ) ကုန်းသာကျောင်း၏ လိုအပ်နေသော စာသင်ခန်း (၈) ခန်းစာအတွက် ၁၀၄ ×၃၀ ပေ RC နှစ်ထပ်ဆောင် အဆောက်အဦထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါသဖြင့် လေးစားစွာမေးမြန်းတင်ပြအပ်ပါသည်။ 

 

တတိယအကြိမ် အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)  ဦးစိန်ရွှေမင်း  မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုအဆင့်ဝင်များအားလုံး မင်္ဂလာပါလို့ ဦးစွာပဏမနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဖြစ်ပါတယ်။

မကွေးတိုင်း‌ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း ၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကုန်းသာ-အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် လိုအပ်နေသော စာသင်ခန်း (၈) ခန်းစာအတွက်   (၁၄၀×၃၀) ပေ   RC နှစ်ထပ်ဆောင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍-

- မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ကုန်းသာ - အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်

- စာသင်ဆောင် (၄) ဆောင်

- စာသင်ခန်း (၁၀) ခန်း၊ တန်းခွဲ (၁၅) ခု ရှိပါတယ်။

- မူဆင့်သင်ကျောင်းသား (၂၇၁) ဦး၊ လယ်ဆင့်သင်ကျောင်းသား (၉၇) ဦး၊

- ထက်ဆင့်သင်ကျောင်းသား (၆၉) ဦး၊ စုစုပေါင်း (၄၃၇) ဦး တက်‌ရောက် ပညာသင်ကြားလျက်ရှိပါတယ်။

အထက်တန်းဆင့်အတွက် (၂၀×၂၅) ပေ သွပ်မိုး၊ ထရံကာ၊ တမံသလင်းခင်း၊ (၁၅×၂၀) ပေ သွပ်မိုး၊ ထရံကာ၊ မြေသားခြင်း၊ (၁၅×၂၀) ပေ သွပ်မိုး အကာမရှိ၊ မြေသားခင်း ယာယီဆောင် (၃) ဆောင်ဖြင့် ဆောက်လုပ်သင်ကြားလျက်ရှိပါတယ်။

တန်းခွဲအရ လိုအပ်သော စာသင်ခန်း (၅) ခန်းအတွက် (၁၅၀×၃၀) ပေ RC(၁) ထပ် ဆောက်လုပ်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်‌ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်ဖြင့်ရရှိမည့် ဘတ်ဂျက်အရ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။