Share this

ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ “ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လမ်းမီးများအား နေရောင်ခြည်စွမ်းအင်သုံး(Solar Power System) ဖြင့် လျှပ်စစ်မီးတပ်ဆင်ပေးသွားနိုင်ရေး" အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

Wednesday, June 3, 2026 - 13:50
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

U Zaw Zaw Myint

 

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၃  ရက်)

 ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)  ဦးဇော်ဇော်မြင့် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း   

 

၁။ “ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လမ်းမီးများအား နေရောင်ခြည် စွမ်းအင်သုံး (Solar Power System) ဖြင့် လျှပ်စစ်မီးတပ်ဆင်ပေးသွားနိုင်ရေး အစီအစဉ်ရှိ/ မရှိ” ဖြစ်ပါတယ်။

၂။ ကျိုးကြောင်းဖော်ပြချက်မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သည် လက်ရှိကာလတွင် လုံခြုံရေးအခြေအနေအရ မဟာဓာတ်အားလိုင်းမှနေ၍ လျှပ်စစ်ဓာတ်အားရရှိရန် ပြတ်တောက် နေသေးခြင်း၊ လုံခြုံရေးအရ ညပိုင်းအချိန်များတွင် လမ်းမီးများလိုအပ်မည်ဖြစ်ခြင်း၊ စွမ်းအင် ချွေတာနိုင်မှု ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ခြင်းတို့ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး (Solar Power System)) လျှပ်စစ်မီးများအား ကျောက်ဖြူမြို့နယ်အတွင်း လိုအပ်သည့်နေရာများတွင် တပ်ဆင်ပေးသွားနိုင်ရေး အစီအစဉ် ရှိ/ မရှိ သိရှိလိုပါသည်။ 

 

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၃  ရက်)

 ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)  ဦးဇော်ဇော်မြင့် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် မေးမြန်းသည့် “ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လမ်းမီးများအား နေရောင်ခြည်စွမ်းအင်သုံး (Solar Power System) ဖြင့် လျှပ်စစ်မီးတပ်ဆင်ပေးသွားနိုင်ရေး အစီအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကျွန်တော် ဒုတိယဝန်ကြီး  ဦးအေး‌ကျော်က ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အတွင်း လမ်းမီးလုံးရေ ၂၀၀၀ ခန့် တပ်ဆင်ရန် ရှိသည့်အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေခွဲဝေပေးချက်အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကုန်ကျစရိတ်ဖြင့် ဦးဥတ္တမလမ်း၊ ဈေးလမ်း၊ ငလပွေ့လမ်းဟောင်း၊ လေပွေ့လမ်းသစ်၊ ပိတောက်ရွှေဝါလမ်း၊ ရုံးတက်လမ်း၊ ကမ်းနားလမ်း စသည့်လမ်းများနှင့် စေတီယျရပ်ကွက်နှင့် ပြင်ဖူမော်ရပ်ကွက် စသည့်နေရာများတွင် ၂၀၀ ဝပ် ဆိုလာလမ်းမီးအလုံးရေ ၁၀၀၀ အား တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါတယ်။

တပ်ဆင်ရန်ကျန်ရှိသည့် ဆိုလာလမ်းမီးများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ညှိနှိုင်း၍ လာမည့်ဘဏ္ဍာနှစ်များတွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆက်လက်တပ်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။