Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၅.၁.၂၀၁၉)

Friday, January 25, 2019 - 12:38
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်

( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် )

[သောကြာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုး ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းနှင့်  အတည်ပြုချက် ရယူခြင်း

၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က  လွှတ်တော်ကော်မတီများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်နေရာများ အစားထိုးပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက ရယူရာ လွှတ်တော် က အတည်ပြုသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ခရိုင် သာသနာရေးမှူးရုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က ဝန်ထမ်း ဖွဲ့စည်းပုံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဝန်ထမ်း ခန့်ထားခြင်းတို့အပေါ် ချမှတ်သင့်သည့် မူဝါဒ၊ အခြေခံစံများအတွက် မူဝါဒတစ်ရပ် ညှိနှိုင်းရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုပန်မြို့နယ်တွင် မြို့နယ်သာသနာရေးမှူးခန့်အပ်ကာ သာသနာရေး ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသဖြင့် ဟိုပန်ခရိုင်သာသနာရေးဆိုင်ရာများကို ဆောင်ရွက် နိုင်သောကြောင့် တိုးချဲ့ဖွဲ့စည်းခြင်းကို စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီ မြို့တွင် ခရိုင် အင်္ဂါရပ်နှင့် ညီညွတ်သော မြို့မဈေးတစ်ခုကို  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင်၊ ဦးညီထွန်း က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ရန်အတွက် Developer စနစ်ဖြင့် ဆောင်ရွက်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်များကို ခေါ်ယူပြီး မတူပီမြို့မစျေး အား သုံးထပ်အမြင့်စျေးအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

    ( ဂ ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းဆည်ရေသောက် မြောင်းမ တော်ကြီး၊ စလင်း မြောင်းမကြီး၊ ဆင်ဖြူကျွန်းမြောင်း (မုန်းမြောင်း ဆည်ရေသောက်လက်တံ) တို့မှ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများနှင့် ကြိုဝန်းနယ် ဒုတိယဦးစီးမှူး နေအိမ်ပြုပြင် ခြင်း လုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု သာမန်အသုံးစရိတ် ရန်ပုံငွေတွင် ထည့်သွင်း လျာထားတင်ပြတောင်းခံပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်း ဖြေကြားသည်။

  (ဃ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ရပ်ကွက် ကျေးရွာများရှိ အခြေခံသမဝါယမအသင်းတို့၏ အသင်းပိုင်မြေများ၊ အဆောက်အဦများကို ရပ်ကွက်ကျေးရွာများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အသင်း၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၀၈၂) တိုင်တမော့ကွင်းရှိ တိမ်ကော ပျက်စီးနေသော စာကျက်အင်း (၆.၅၁)ဧကကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပါဝင်ခြင်း မရှိကြောင်းနှင့် လာမည့်ဘဏ္ဍာရေးနှစ် များ၌ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထား၍ ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း

၄။ ရန်ကုန်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုး (အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၁၀၀ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၂၈-၁-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်