ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး
ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်
( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် )
[အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် လစ်လပ်၍ လိုအပ်လျက် ရှိသော အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများကို အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အထူးကု ဆရာဝန် ရာထူးအင်အား ဘာသာရပ်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ အလွန်နည်းပါးလှသောကြောင့် ဗဟိုအဆင့်ဆေးရုံကြီးများ၌ပင် လုံလောက်စွာ ခန့်ထားနိုင်ခြင်းမရှိပါ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သစ်လွင်လက်ထောက် ဆရာဝန်များ ခန့်ထားသည့်အခါ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့အပါအဝင် ရခိုင် ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ လက်ထောက်ဆရာဝန်များ ခန့်ထားပေးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လစ်လပ်လျက်ရှိသော အထက်တန်းသူနာပြု ရာထူးနေရာများအတွက် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သူနာပြုရာထူး လစ်လပ်နေရာများအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် သစ်လွင်သူနာပြုများအား လုပ်ငန်းလိုအပ်ချက်အရ ခွဲဝေခန့်ထားပေးနိုင်မည် ဖြစ်ကြောင်း ဖြေကြားသည်။
( ခ ) ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ရှိသိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် လူနာဆောင်များကို စံကိုက်(၂)ထပ် လူနာဆောင် သို့မဟုတ် သင့်လျော်ရာ စံကိုက်လူနာဆောင်နှင့် ဝန်ထမ်းအိမ်ရာများကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် သို့မဟုတ် အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က သိမ်ဇရပ်တိုက်နယ်ဆေးရုံ၏ လူနာကုသဆောင် အခြေအနေ၊ ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက် အခြေအနေများ အရ (၄)ခန်းတွဲ(၁)ထပ်(၂)လုံးအား ၂၀၁၈-၂၀၁၉ ငွေလုံးငွေရင်းအသုံးစရိတ် စီမံကိန်းတွင် ရန်ပုံငွေထည့်သွင်းလျာထားပြီးဖြစ်ကြောင်းနှင့် လူနာကုသဆောင် အသစ်ထပ်မံဆောက်လုပ်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
( ဂ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နှစ်ပေါင်း (၁၃၂)နှစ် ရှိပြီဖြစ်သော သထုံခရိုင် ပြည်သူ့ဆေးရုံကြီး ဖျားနာကုသဆောင် အဆောက်အဦ သည် ကြံ့ခိုင်မှုမရှိတော့ပါသဖြင့် အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က သထုံခရိုင် ပြည်သူ့ဆေးရုံ၏ မြေနေရာ ဧရိယာ အရ အဆောက်အဦအသစ် သီးခြားဆောက်လုပ်ရန် အခြေအနေမရှိပါ၍ အဆောက်အဦဟောင်းဖျက်သိမ်း၍ ပြန်လည်တည်ဆောက်စဉ်ကာလအတွင်း ပြည်သူလူထုအတွက် ဖျားနာကုသရေးလုပ်ငန်းများအား ဆေးရုံအုပ်ချုပ်မှုအဆောင် နှင့် အစည်းအဝေးခန်းမ အဆောင်များတွင် ယာယီအစီအစဉ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်းနှင့် (၂)ထပ်လူနာကုသဆောင်အသစ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင် လျာထားတင်ပြ ဆောင်ရွက်မည် ဖြစ်ကြောင်း ဖြေကြားသည်။
(ဃ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြည်သူတို့၏ ကျန်းမာရေးဖွံ့ဖြိုးမှု၊ စောင့်ရှောက်မှုနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ ယခုထက် ပိုမိုလုပ်ဆောင်နိုင်ရန် ခရိုင်မြို့ကြီးများတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူးများ သီးသန့်ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ခန့်ထားနိုင်ခြင်းမရှိသည့် ခရိုင်မြို့ကြီးများ၏ မြို့နယ်များ၌ ဒု-မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ ခန့်ထား၍သော်လည်းကောင်း၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဦးစီးအရာရှိများ ခန့်ထား၍သော်လည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးလုပ်ငန်းတာဝန်များ လစ်ဟင်းမှု မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။
(င) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း မြို့နယ်ကွပ်ကဲရေးရုံးအဖွဲ့၏ စီမံခန့်ခွဲမှု လွယ်ကူစေရန်နှင့် တစ်စုတစ်စည်းတည်းဖြစ်စေရန် လူ(၁၀၀၀)ဆံ့မည့် မီးစက်၊ သန့်စင်ခန်း၊ ရေကန် ပါဝင်သော ကယ်ဆယ်ရေးစခန်း အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က ရေဘေးဖြစ်ပွားချိန် တွင် ရေဘေးသင့်ပြည်သူများအား စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် နေရာဖြန့်ခွဲ၍ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရခြင်းကြောင့် ကူညီကယ်ဆယ် ထောက်ပံ့ရေးအတွက် ကြီးကြပ်ကွပ်ကဲရာတွင် အခက်အခဲမရှိစေရေး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုနိုင်ရန် သန့်စင်ခန်း၊ ရေကန် ပါဝင်သော Multi Purpose Shelter (၁)လုံးကို ၂၀၁၉ ခုနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆောက်လုပ်ပေးနိုင်ရေး ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း မြေနေရာရွေးချယ် အတည်ပြုနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ညှိနှိုင်း ဆောင်ရွက်ထားရှိပါကြောင်းနှင့် မီးစက်ထားရှိနိုင်ရေးအတွက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ (2.5 KW)ရှိ မီးစက်(၁)လုံးကို အဆောက်အဦ ပြီးစီးသည့်အချိန်တွင် ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။
(စ) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေအား ရေးဆွဲခြင်းလုပ်ငန်း မည်သည့်အခြေအနေတွင်ရှိနေပြီး မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)အား ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားအကြံပြုချက်ရရှိရေးအတွက် ထပ်မံပေးပို့ ညှိနှိုင်းထားရှိပါကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် အတွင်း ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ်တင့်လွင် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် အတည်ပြုပြီး ပေးပို့လာသော စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဥပဒေကြမ်းဆွေးနွေးခြင်း
၄။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေး သည်။
၅။ အစည်းအဝေးကို ၁၁၁၄ နာရီအချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၂၈-၁၁-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်