နေပြည်တော်၊ အမျိုးသားလွှတ်တော် အဆောက်အအုံ၊ စုပေါင်းခန်းမ၌ (၂၇.၇.၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က “မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်မှုဒါရိုက်တာ ဦးအောင်ကိုမြင့်နှင့် အဖွဲ့ဝင်များမှ ၎င်းတို့အဖွဲ့၏ လှုပ်ရှားဆောင်ရွက်ချက်များ၊ လက်ရှိအခြေအနေများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မူဝါဒများ၊ အစိုးရသက်တမ်း(၅)နှစ် (၂၀၁၆-၂၀၂၁) အတွင်း မြန်မာနိုင်ငံမသန်စွမ်းလူထုအတွက် ဦးစားပေးဆောင်ရွက်ပေးစေလိုသည့် မသန်စွမ်းအဖွဲ့အစည်းများ၏ လိုလားချက်များကို ရှင်းလင်းတင်ပြကြရာ လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို (၁၅:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။