Share this

ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ “ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၂၄) နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ဓာတ်အားပြင်ပစနစ် (Off Grid) ဖြင့် နေစွမ်းအင်သုံး စီမံကိန်း (Solar Power Project) ကဲ့သို့ စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ” စပ်လျဉ်းသည့် မေးခွန်း

Wednesday, June 3, 2026 - 13:45
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

U Zaw Zaw Myint

 

တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၃  ရက်)

ရခိုင်ပြည်နယ်၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဇော်ဇော်မြင့် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ-

 မေးခွန်းမှာ “နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၂၄) နာရီ လျှပ်စစ်မီး ရရှိအောင် အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးနိုင်ရေး” ဖြစ်ပါတယ်။

ကျိုးကြောင်းဖော်ပြချက်အနေဖြင့် မာန်အောင်မြို့နယ် လျှပ်စစ်မီးရရှိရေးအတွက် ယခင်ကာလများက ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသော်လည်း ယနေ့အချိန်အထိ (၂၄)နာရီ ပါတ်လုံး လျှပ်စစ်မီး မရရှိသေးသည်ကို တွေ့ရှိရပါသည်။ မာန်အောင်မြို့သည် ပထဝီအနေအထားအရ သီးခြားတည်ရှိနေသည့် ကျွန်းကြီးဖြစ်နေပါ၍ နိုင်ငံတော်၏ မဟာဓာတ်အားလိုင်း သွယ်တန်းချိန်ဆက်ရန် အခက်အခဲရှိနေနိုင်ခြင်း၊ စက်သုံးဆီဖြင့် လည်ပတ်နိုင်ရေးတွင်လည်း ပြည်ပစက်သုံးဆီဈေးကွက် အခြေအနေအပေါ် မှီခိုနေရမည်ဖြစ်ခြင်း၊ မာန်အောင်ကျွန်းနှင့် ကမ်းခြေနေရာများသည် ခရီးသွားလုပ်ငန်း ဆွဲဆောင်မှု နေရာကောင်းများအဖြစ် တည်ရှိနေပြီး ကမ်းခြေနေရာများသည် ခရီးသွားလုပ်ငန်းဆွဲဆောင်မှု နေရာကောင်းများအဖြစ် တည်ရှိနေပြီး စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များသည်လည်း ဒေသအတွင်းနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများအဖြစ် တည်ရှိနေခြင်းတို့ကြောင့် ကျွန်းမြို့မာန်အောင်တွင် (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအား ဓာတ်အားပြင်ပစနစ် (OFF Grid)ဖြင့် နေစွမ်းအင်သုံး စီမံကိန်း (Solar Power Project)ကဲ့သို့ စီမံကိန်းတစ်ရပ်အား ဘက်စုံရှုဒေါင့်မှ ရေရှည်အကျိုးမျှော်ကိုး၍ ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံဆောင်ရွက် ပေးသွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါသည်။

 

တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၃  ရက်)

ရခိုင်ပြည်နယ်၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဇော်ဇော်မြင့် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဆွေး‌နွေးနိုင်ရန် ရခိုင်ပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် မေးမြန်းသည့် “ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၂၄) နာရီ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပြင်ပစနစ် (Off Grid) ဖြင့် နေစွမ်းအင်သုံး စီမံကိန်း (Solar Power Project) ကဲ့သို့ စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အောက်ပါအတိုင်းဖြေကြားအပ်ပါသည်-

(၁) ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံ KOICA တို့ ပူးပေါင်း၍ ကွင်းဆင်းတိုင်တာမှုအရ အဆင့် ၃ ဆင့်ဖြင့် Solar Power Plant များ တည်ဆောက်၍ ဓာတ်အားပေးနိုင်ရန် စီမံချက်ရေးဆွဲခဲ့ပါသည်-

(က) Phase-1 အနေဖြင့် 0.5 MW Solar Power Plant (Solar  Battery+ Diesel Generator) စနစ်ဖြင့် မြို့ပေါ် ၅ ရက်ကွက်နှင့် ကျေးရွာ ၄ ရွာ၊ အိမ်ထောင်စု ၁၅၀၆ စု အားလည်းကောင်း၊

(ခ) Phase-2 အနေဖြင့် 2.5 MW Solar Power Plant (Solar  Battery+ Diesel Generator) စနစ်ဖြင့် ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စု အားလည်းကောင်း၊

(ဂ) Phase-3 အနေဖြင့် 4 MW Solar Power Plant(Solar  Battery+Diesel Generator) စနစ်ဖြင့် ကျေးရွာ ၆၇ ရွာ၊ အိမ်ထောင်စု ၇၅၅၀ စု အားလည်းကောင်း၊ Phase အလိုက် တည်ဆောက်၍ ဓာတ်အားပေးရန် စီစဉ်ခဲ့ပါသည်။

(၂) Phase-1 အနေဖြင့် မာန်အောင်ကျွန်း၊ ခအုန်းမော်ကျေးရွာ မြေဧက ၁၅ ပေါ် တွင် 0.5 MW Solar Power Plant(Solar  Battery+ Diesel Generator) စနစ်အား မြေဧက ၂ ဧက ကို အသုံးပြု၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်အတူ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  Posco Daewoo Co.,Ltd ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ပြီး မာန်အောင်မြို့ပေါ် ၅ ရပ် ကွက်နှင့် ကျေးရွာ ၄ ရွာအား ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါသည်။

(၃) သို့ရာတွင် 0.5 MW Solar Power Plant ၏ PV Pannel ရှိ Capacitor များချို့ ယွင်းမှုကြောင့်လည်းကောင်း၊ ဘက်ထရီများ၏ လျှပ်စစ်သိုလှောင်နိုင်သည့်  စွမ်းအင်ကျဆင်းမှုကြောင့်လည်းကောင်း၊ 625 kVA ဒီဇယ်ဓာတ်အားပေးစက် ချို့ယွင်းမှုကြောင့်လည်းကောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်း မရှိတော့ပါသဖြင့် Posco  Daewoo Co.Ltd မှ အဆင့် ၂ ဆင့်ဖြင့် ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် လျာထားစီမံခဲ့ပါသည်။

(၄) ပထမအဆင့် ပြုပြင်ခြင်းအဖြစ် PV Pannel ရှိ Capacitor များ လဲလှယ်ခြင်း၊ Inverter များ လဲလှယ်ခြင်းနှင့် 625 kVA ဒီဇယ်ဓာတ်အားပေးစက်အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများအား ၂၂-၁၂-၂၀၂၃ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့သော်လည်း ဒုတိယအဆင့် ပြုပြင်ခြင်းအဖြစ် ဘက်ထရီများအသစ် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော နယ်မြေဒေသအခြေအနေများအရ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ယာယီရပ်နားခဲ့ရခြင်းကြောင့် လတ်တလောတွင် အသစ်လဲလှယ်ပြီး 625 kVA ဒီဇယ်ဓာတ်အားပေးစက်ဖြင်သာ ၁-၁-၂၀၂၄ ရက်မှစ၍ မာန်အောင်မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာ ၄ ရွာ အား အုပ်စု ၄ စုခွဲ၍ တစ်ရက်လျှင် အုပ်စု၂ စုကိုသာ အုပ်စု ၁ စုလျှင် ညပိုင်း(၁:၃၀) နာရီနှုန်းဖြင့် အလှည့်ကျ ဓာတ်အားပေးလျက်ရှိပါသည်။

(၅) ဆိုလာ+ဘက်ထရီ+ဒီဇယ်စက် Hybrid စနစ်ဖြင့် အပြည့်အဝပြန်လည်မောင်းနှင် ဓာတ်အားပေးနိုင်ရန်အတွက် ဒုတိယအဆင့်အနေဖြင့် ပြုပြင်ပေးရန် ကျန်ရှိနေသည့် Battery များ အစားထိုးလဲလှယ်ပေးခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှတစ်ဆင့် Posco Daewoo Co.,Ltd. သို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ဘက္ထရီလဲလှယ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးပါက 0.5 MW Solar Power Plant ၏ (ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ်စက်) Hybrid System အား မောင်းနှင်၍ မာန်အောင်မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာ ၄ ရွာအား ပုံမှန်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

(၆) Phase-2 ပါ ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စုအား ဓာတ်အားပေးနိုင်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်၍ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃၄.၄ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၄၃.၆ မိုင်၊ ထရန်စဖော်မာ ၅၃ လုံးအား ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ကြိုတင်တည်ဆောက်ပြီးစီးထားပြီးဖြစ်ပြီး ကျန်ရှိ သည့် 2.5 MW Solar Power Plant (Solar+ Battery+ Diesel Generator) စနစ်တည်ဆောက်ခြင်းလုပ်ငန်းအား ခအုန်းမော်ကျေးရွာရှိ 0.5 MW Solar Power Plant မှ ကျန်မြေဧက ၁၃ ဧကပေါ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၇) သို့ဖြစ်ပါ၍ Phase-2 ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စုအား ဓာတ်အားပေးနိုင်ရေးအတွက် 2.5 MW Solar Power Plant (Solar+Battery+Diesel Generator) စနစ် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ လဏ္ဍာရေးနှစ်မှစတင်၍ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာငွေခွင့်ပြု ရရှိမှုအပေါ် မူတည်၍ နှစ်အလိုက် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် Phase-2 အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ကျန်ရှိသည့် Phase-3 အား အဆင့်အလိုက် ဆက်လက်လျာထား အကောင်အထည်ဖော်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားအပ်ပါသည်။