Share this

ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ၏ “စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင့်သည့် ကျောင်းသားများ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားပါက ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိနှင့် တက်ရောက်ခွင့်မရှိပါက မည်သည့်အခက်အခဲများကြောင့် တက်ရောက်ခွင့်မပြုနိုင်ခြင်းကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် မေးခွန်း

Monday, June 8, 2026 - 14:10
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Aung Chit Lwin

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ချစ်လွင် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မင်္ဂလာပါခင်ဗျာ

လေးစားရပါသော အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌကြီးနဲ့တကွ မဲဆန္ဒနယ်အသီးသီးမှ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ....

ကျွန်တော်ကတော့ စစ်ကိုင်းတိုငးဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချစ်လွင်ဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ လိုအပ်တဲ့နေရာမှာ ပရိုဂျက်တာသုံးစွဲခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျာ။

ပထမအကြိမ် အမျိုးသားလွှတ်တော်မှာ ချင်းတွင်းမြစ်အထက်ပိုင်းမြို့များအတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသားများ အဆင့်မြင့်ပညာသင်ကြားရာ၌ သွားလာရေး၊ ခရီးစရိတ် သက်သာစွာနဲ့ ပညာသင်ကြားနိုင်ရန် ရည်မှန်းပြီး ဟုမ္မလင်းမြို့နယ်မှာ ကောလိပ်တစ်ခု ဖွင့်လှစ်ပေးဖို့ ပထမအကြိမ် အမျိုးသားလွှတ်တော်မှာ တင်ပြတောင်းဆိုခဲ့ပါတယ်။ တောင်းဆိုခဲ့တဲ့အတိုင်း ဟုမ္မလင်းမြို့မှာ ကောလိပ်တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ ဖော်ပြပါကော်လိပ်မှာ အခြားကောလိပ်များနည်းတူ ဘာသာတွဲအလိုက် ပညာသင်ယူနိုင်တဲ့ ကောလိပ်တစ်ခု ဖြစ်တာကိုလည်း လေ့လာသိရှိခဲ့ရပါတယ်ခင်ဗျာ။

ကောလိပ်စတင်ဖွင့်လှစ်ချိန်မှာ စစ်ကိုင်တိုင်းဒေသကြီး အထက်ပိုင်းမြို့များက တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသားများ၊ ဟုမ္မလင်းကောလိပ်ကို တက်ရောက်ပညာသင်ကြားခွင့်ရရှိခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်ကစပြီး ခန္တီးမြို့တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကျောင်းသားများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ကိုသာ တက်ရောက်ခွင့်ပြုခဲ့တာကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ အနီးစပ်ဆုံး ၂၀၂၅ ခုနှစ်မှာ ခန္တီးမြို့က တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကျောင်းသား(၇၉) ဦး ရှိခဲ့ပါတယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမှာ မြစ်ကြီးနားတက္ကသိုလ်ကို လျှောက်ထားခြင်းမရှိပေမဲ့လည်း တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူ (၅၄) ဦးကိုတော့ မြစ်ကြီးနားတက္ကသိုလ်ကို တက်ရောက်ခွင့်ပြုချထားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ တက္ကသိုလ်များရှိပေမဲ့လည်း မြစ်ကြီးနားတက္ကသိုလ်မှ တက်ခွင့်ချထားတဲ့အတွက် ကျောင်းသားများ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပါတယ်။ မြို့နယ်ချင်း နီးကပ်နေတဲ့ ဟုမ္မလင်းကောလိပ်ကိုတော့ တက်ရောက်ခွင့်မပြုဘဲ အခြားတက္ကသိုလ်ကို ဘာကြောင့် ပို့ရတာလဲဆိုတာ စဉ်းစားမရအောင်ဖြစ်မိပါတယ်။

ကျောင်းသူ/သားများ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမ များနှင့် တွေ့ဆုံမိတဲ့အချိန်မှာ ဟုမ္မလင်းကောလိပ်သို့ တက်ရောက်ရန်အတွက် မြစ်ကြီးနားတက္ကသိုလ်မှ ပြောင်းရွှေ့ရကြောင်း ငွေကုန်ကြေးကျများကြောင်း ကျောင်းပြောင်းလက်မှတ်ရရှိသော်လည်း ကျောင်းအပ်နောက်ကျပါက တက်ရောက်ခွင့်မရကြောင်း စသည့် အခက်အခဲ နောက်ဆက်တွဲများရှိသည့်အတွက် ကူညီဖြေရှင်းပေးပါရန် လာရောက်ပြောဆိုကြပါသည်။

သို့ဖြစ်ပါ၍ အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌကြီးမှ တဆင့် -

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားများ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားပါက ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ၊ တက်ရောက်ခွင့်မရှိပါက မည်သည့် အခက်အခဲများကြောင့် တက်ခွင့်မပြုနိုင်ခြင်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသူ/သား များကိုယ်စား ဥက္ကဋ္ဌကြီးမှတဆင့် မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

 

 

 

တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ချစ်လွင် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုအဆင့်ဝင်များအားလုံး မင်္ဂလာပါလို့ ဦးစွာပဏမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ချစ်လွင်ရဲ့ “စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင့်သည့် ကျောင်းသားများ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန် ဟုမ္မလင်းကောလိပ်သို့ လျှောက်ထားပါက ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိနှင့် တက်ရောက်ခွင့်မရှိပါက မည်သည့်အခက်အခဲများကြောင့် တက်ရောက်ခွင့်မပြုနိုင်ခြင်းကို သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍-

ဟုမ္မလင်းကောလိပ်ကို

- ၁၂-၅-၂၀၂၂ မှာ စတင် ဖွင့်လှစ်ခဲ့ပြီး၊ 

- ၂၄-၅-၂၀၂၃ ရက်နေ့တွင် ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့

- ၂၀၂၁ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို COVID-19 ကမ္ဘာ့ကပ်‌ရောဂါ အခြေအနေများကြောင့် ကျင်းပခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်မှာ ခန္တီး၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှာ ကျောင်းသားကျောင်းသူများရဲ့ လျှောက်ထားချက်များအတိုင်း မြစ်ကြီနား တက္ကသိုလ်သို့ ဝင်ခွင့်ပြုရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း အဆိုပါပုံစံအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

- ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြစ်ကြီးနားတက္ကသိုလ်သို့ ဝင်ခွင့်ရသူများအနက်မှ ဟုမ္မလင်းဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ လျှောက်ထားခဲ့သူ ၂၆ ဦးအား ဟုမ္မလင်းဒီဂရီကောလိပ်သို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုခဲ့ပါတယ်။

- ဟုမ္မလင်းဒီဂရီကောလိပ်တွင် အထူးပြုဘာသာရပ် ၁၀ ခု သင်ကြားပို့ချပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၈ ဦးရှိပါတယ်။ ဆရာ၊ ဆရာမ စုစုပေါင်း ၇၆ ဦး ရှိပါသဖြင့် သင်ကြားဆရာအင်အား လုံလောက်မှုရှိပါတယ်။

- ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲအောင်မြင်မည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ ကျောင်းသား၊ ကျောင်းသူများ အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် ဟုမ္မလင်းဒီဂရီကောလိပ်သို့ လျှောက်ထားပါက တက်‌ရောက်နိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။