တတိယအကြိမ် အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း
၁။ ကျွန်တော်သည် မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း ဖြစ်ပါသည်။
၂။ မင်းဘူးမြို့နယ်၊ ရွာသာကျေးရွာရှိ အမကကျောင်း၌ ကျောင်းသားဦးရေ (၁၆၃) ဦးရှိပြီး၊ စာသင်ဆောင်အနေဖြင့် စာသင်ခန်း(၆) ခန်းပါ ၁၂၀ ×၃၀ ပေ အုတ်ညှပ် တစ်ထပ်ဆောင် (၁) ဆောင်ရှိပါသည်။
၃။ ထိုတစ်ခုတည်းသော စာသင်ဆောင်မှာ ထိုတစ်ခုတည်းသော အဆောင်သည် ယခုအခါ တိုင်များခြကိုက်ခြင်း၊ နံရံများအက်ကွဲနေခြင်းနှင့် အကာရှိ ပြတင်းပေါက်ဘောင် ပျဉ်များမှာလည်း ခြကိုက်ပျက်စီးနေပါသဖြင့် ကျောင်းသားများအတွက် အန္တရာယ်ရှိပါသည်။
၄။ သို့ဖြစ်ပါ၍ ကျွန်တော်၏ မဲဆန္ဒနယ် မင်းဘူးမြို့နယ်ရှိ အမက-ရွာသာကျောင်းအတွက် စာသင်ဆောင်အသစ်တစ်ဆောင် ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုပါသဖြင့် လေးစားစွာမေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ်အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ တတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုအဆင့်ဝင်များအားလုံး မင်္ဂလာပါလို့ ဦးစွာပဏမနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)ဦးစိန်ရွှေမင်း ရဲ့ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ရွာသာ-အခြေခံပညာမူလတန်းကျောင်းသည် ခြကိုက်၍ ပျက်စီးနေပါသဖြင့် စာသင်ဆောင်အသစ် (၁) ဆောင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန့်နှင့်စပ်လျဉ်း၍-
- မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ရွာသာ-အခြေခံပညာမူလတန်းကျောင်းတွင်
- စာသင်ဆောင် (၂) ဆောင်၊
- စာသင်ခန်း (၇) ခန်း၊
- တန်းခွဲ (၆) ခုရှိပြီး မူဆင့်သင်ကျောင်းသားဦးရေ (၁၆၄) ဦး တက်ရောက် ပညာသင်ယူလျက်ရှိပါတယ်။
- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ (၁၂၀×၃၀) ပေ အုတ်ညှပ် (၁) ထပ် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၂၀ × ၃၀) ပေ RCC (၁) ထပ်အတွက် ခွင့်ပြုရန်ပုံငွေကျပ် (၃၄၂.၀၀၀) သန်းအား ရရှိထားပြီး ဖြစ်ပါတယ်။
- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် (၁)ထပ် ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းများအား နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။