တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း
၁။ ကျွန်တော်သည် မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ ကိုယ်စားလှယ်အမှတ်(၄) လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေမင်း ဖြစ်ပါသည်။
၂။ မင်းဘူးမြို့နယ်၊ ဆင်ခေါင်းကျေးရွာရှိ အထကကျောင်း ၌ ကျောင်းသားဦးရေ (၉၂၃) ဦးရှိပါသည်။
စာသင်ကျောင်းဆောင်များအနေဖြင့်-
(က) စာသင်ခန်း (၃) ခန်းပါ ၁၂၀ ×၃၀ ပေ အုတ်ညှပ် တစ်ထပ်ဆောင်(၂) ဆောင်
(ခ) စာသင်ခန်း (၂) ခန်းပါ ၉၀ ×၃၀ ပေ အုတ်ညှပ် တစ်ထပ်ဆောင်(၁) ဆောင်
(ဂ) စာသင်ခန်း (၄) ခန်းပါ ၁၂၀ ×၃၀ ပေ အုတ်ညှပ် တစ်ထပ်ဆောင်(၁) ဆောင်
(ဃ) စာသင်ခန်း (၇) ခန်းပါ ၁၄၀ ×၃၀ ပေ အုတ်ညှပ် RCC နှစ်ထပ်ဆောင်(၁) ဆောင်
စုစုပေါင်းစာသင်ဆောင် (၅) ဆောင်မှာ စာသင်ခန်း(၁၉) ခန်းရှိပါသည်။ ကျောင်းသား ဦးရေနှင့် တန်းခွဲများအရ (၄) ခန်းလိုအပ်နေပါသေးသည်။ ထို့ပြင် အမှတ်စဉ် (ခ) ပါ ၉၀ ×၃၀ ပေ အုတ်ညှပ် တစ်ထပ်ဆောင်(၁) ဆောင်သည် ရပ်ရွာအစီအစဉ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သစ်သားများ မမှန်ခြင်းကြောင့် ခြကိုက်နေခြင်း၊ အရပ်ဆောက်ဖြစ်သဖြင့် အုတ်နံရံများလည်း အက်ကွဲပြီး ပြိုကျလုနီးဖြစ်နေသဖြင့် အန္တရာယ်ရှိသည့်အတွက် စာသင်ခန်းအဖြစ် အသုံးပြု၍မရတော့ပါ။ သို့အတွက် စုစုပေါင်းစာသင်ခန်း (၆) ခန်း လိုအပ်နေမည်ဖြစ်ပါသည်။
၃။ လိုအပ်နေသော စာသင်ဆောင်အတွက် ရပ်ရွာမှာ ၆၀ ×၃၀ ပေ ထရံကာဆောင်ယာယီ (၁) စောင် ဆောက်လုပ်ပေး ထားသော်လည်း ရာသီဥတုဒဏ်ကြောင့် ကျောင်းသားလေးများ ကျန်းမာရေးထိခိုက်နိုင်ပါသည်။ အဆောင်သစ် ထပ်မံဆောက်လုပ်ပေးမည်ဆိုပါက ရပ်ရွာက တည်ဆောက်ပေးထားသည့် ယာယီဆောင်နေရာ၌ ဆောက်လုပ်နိုင်ပါသည်။
၄။ သို့ဖြစ်ပါ၍ မင်းဘူးမြို့နယ်ရှိ အထက- ဆင်ခေါင်းကျောင်း၏ လိုအပ်နေသော စာသင်ခန်း (၆) ခန်းစာအတွက် အဆောက်အဦ ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါသဖြင့် လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ တတိယနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
ရိုသေလေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုအဆင့်ဝင်များအားလုံး မင်္ဂလာပါလို့ ဦးစွာပဏမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးစိန်ရွှေမင်း ၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ဆင်ခေါင်း - အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်နေသော စာသင်ခန်း (၆) ခန်းစာအတွက် အဆောက်အဦတစ်ခု ထပ်မံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့်စပ်လျဉ်း၍-
- မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ ဆင်ခေါင်း-အခြေခံပညာအထက်တန်းကျောင်းတွင်
- စာသင်ဆောင် (၆) ဆောင်
- စာသင်ခန်း (၂၀) ခန်း၊ တန်းခွဲ (၁၅) ခုရှိပါတယ်။
- မူဆင့်သင်ကျောင်းသား (၆၆၇) ဦး၊ လယ်ဆင့်သင်ကျောင်းသား (၁၄၄) ဦး၊ ထက်ဆင့်သင် ကျောင်းသား (၁၀၈) ဦး၊ စုစုပေါင်း (၉၁၉) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါတယ်။
- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ (၉၀×၃၀) ပေ အုတ်ညှပ် (၁) ထပ် အန္တရာယ်ကျောင်းဆောင်အား ဖျက်သိမ်း၍ (၉၀×၃၀) ပေ RCC (၁) ထပ်အတွက် ခွင့်ပြုရန်ပုံငွေကျပ် (၂၅၆.၅၀၀) သန်းအား ရရှိထားပြီး ဖြစ်ပါ တယ်။
- ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် (၁) ထပ်ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းများအား နေပြည်တော်ကောင်စီ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။