Share this

နန်းဝိုးစိန်၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ၏ “ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊၊ တုံတာမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စုများ လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားခွဲရုံတစ်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, June 15, 2026 - 12:40
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

Nan Woe Sein

 

တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) နန်းဝိုးစိန် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း   

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့သည် မိုင်းပျဉ်း-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိပြီး မိုင်းပျဉ်းမြို့မှ (၃၃) မိုင်ခန့် အကွာအဝေးရှိပါသည်။

ပထမအကြိမ် ၂၀၁၇ ခုနှစ်တွင်  တုံတာမြို့နေ ပြည်သူများအား  မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးနိင်ရန်အတွက် လျှပ်စစ်ဓာတ်အားခွဲစက်ရုံနေရာ ကွင်းဆင်းရှာဖွေရာ  တောင်သူလယ်သမားများ၏ လယ်ယာခြံမြေအတွင်း ကျရောက်နေပါသဖြင့် တုံတာမြို့လျှပ်စစ်ဓာတ်အားခွဲရုံ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။ မြေနေရာအခက်အခဲကြောင့် ဓာတ်အားခွဲစက်ရုံ ဆောက်လုပ်ပေးနိင်မှုမရှိဘဲ ယနေ့ကာလအထိ လစ်ဟင်း၍ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးများ လုံးဝမရရှိသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး ကိစ္စအဝဝ အရာရာနောက်ကျပြီး ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးသည်ကို တွေ့ရှိရပါသည်။ အဆိုပါ တုံတာမြို့ ပတ်ဝန်းကျင် ကျေးရွာအား ကျေးရွာပေါင်း(၁၈) ရွာ၊ အိမ်ခြေပေါင်း(၉၅၇) အိမ်အတွက် လျှပ်စစ်မီးများ ကောင်းမွန်စွာပေးနိုင်ပါက မိတ္ထီလာ- တောင်ကြီး-ကျိုင်းတုံ ကားလမ်းတစ်ဝိုက် မီးများထွန်းလင်းနိုင်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အပြင် သာယာဖွံ့ဖြိုးသော အငွေ့အသက်များစွာကို မလွဲဧကန်ရရှိမည်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ မြေဧက(၅)ဧကရှိ 66/11 KV(5) MVA ဓာတ်အားခွဲရုံအားရှိ လျှပ်စစ်ဓာတ်အားခွဲလိုင်းစက်ရုံကို တည်ဆောက်ပေးပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း၊ အခြားကျေးရွာအုပ်စုများနှင့်တန်းတူ အခွင့်အရေးရရှိစေရန်အတွက်လည်းကောင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစီမံကိန်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ကို သိရှိလို၍ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းတင်ပြရခြင်းဖြစ်ပါတယ်။ 


 

တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) နန်းဝိုးစိန် မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးနိုင်ရန် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နန်းဝိုးစိန် မေးမြန်းသည့် “ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စုများ လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ခွဲရုံတစ်ရုံအား လာမည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ပေါင်းစပ်ကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အောက်ပါအတိုင်းဖြေကြားအပ်ပါသည်-

(၁) ၂၃၀ ကေဗွီ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံနှင့် ၃၀ မိုင်ခန့်ကွာဝေးသည့် တုံတာမြို့သည် မြို့ပေါ်တွင် ရပ်ကွက်(၄) ခု၊ အိမ်ထောင်စု(၃၅၇)စု၊ လူဦးရေ(၃၇၇၄)ဦးရှိပြီး မြို့ပေါ်ရပ်ကွက်(၄)ခုရှိ အိမ်ထောင်စု(၂၈၅) စုအား 200kVA JCB ဒီဇယ်ဓာတ်အားပေးစက် (၁) လုံးဖြင့် တစ်ရက်လျှင် (၃) နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။

(၂) ရှမ်းပြည်နယ်(အရှေ့ပိုင်း) သို့ ၂၀၂၀ ခုနှစ်တွင် ၂၃၀ ကေဗွီ နိုင်ငံတော်ဓာတ်အားစနစ် စတင်ရောက်ရှိခဲ့ပြီး ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ထပ်မံတည်ဆောက်၍ မိုင်းပျဉ်းမြို့အား ၇-၆-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ကျိုင်းတုံမြို့အား ၂၇-၆-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ မိုင်းခုတ်မြို့အား ၁-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ မိုင်းဆတ်မြို့အား ၁-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ မိုင်းခတ်မြို့အား ၂၂-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် အသီးသီးတိုးချဲ့ ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်ရှိသည့်မြို့များအား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် တိုးချဲ့ဓာတ်အားပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြေမျက်နှာသွင်ပြင်နှင့် မြို့များအကြား ဝေးကွာသည့် တည်နေရာများအရ ကုန်ကျစရိတ်ကြီးမားသည့် ၆၆ ကေဗွီ တာဝါတိုင် ဓာတ်အားလိုင်းရှည်များနှင့်် ဓာတ်အားခွဲရုံများ ထပ်မံတည်ဆောက်သွားရမည်ဖြစ်ပါသဖြင့် ဘဏ္ဍာနှစ်အလိုက် တစ်ဆင့်စီ အချိန်ယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

(၃) တုံတာမြို့အား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက မိုင်းပျဉ်း-တုံတာ ၆၆ ကေဗွီ တာဝါတိုင် ဓာတ်အားလိုင်း ၃၃ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ(၁) ရုံ တည်ဆောက်သွားရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ကျပ် ၃၅.၀၀၃ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး တုံတာမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ (၁၈) ရွာရှိ အိမ်ထောင်စုပေါင်း (၄၃၇၅) စု အား ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

(၄) သို့ဖြစ်ပါ၍ တုံတာမြို့အား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မိုင်းပျဉ်း-တုံတာ ၆၆ ကေဗွီ တာဝါတိုင် ဓာတ်အားလိုင်း ၃၃ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်း လုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားလိုင်း ဆာဗေးတိုင်းတာခြင်းလုပ်ငန်းအား စတင်လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာငွေခွင့်ပြုရရှိမှုအရ ဆက်လက်လျာထား‌ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။