Share this

ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ၏ “ဝန်ကြီးဌာနများ စာရင်းအရ ၂၀၁၈-၂၀၁၉ မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံပညာ အထက်တန်းအဆင့် တက်ရောက်သူ အရေအတွက်မှာ သိသာထင်ရှားစွာ ကျဆင်းလျက်ရှိနေပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကုစားမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, June 15, 2026 - 12:59
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Daw Mi Mi Kyaw Tun

 

တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး၊ ဆဋ္ဌမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄)  ဒေါ်မီမီကျော်ထွန်း မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း   

 

၁။ ကျွန်မသည် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၄) ဒေါ်မီမီကျော်ထွန်းဖြစ်ပါသည်။

၂။ ဝန်ကြီးဌာနများစာရင်းအရ ၂၀၁၈-၂၀၁၉ မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အ‌ခြေခံပညာအထက်တန်းအဆင့် တက်ရောက်သူဦးရေမှာ အောက်ဖော်ပြပါဇယားအတိုင်းဖြစ်ပါသည်။

၃။ ဖော်ပြပါဇယားအရ အခြေခံပညာအထက်တန်းအဆင့်တက်ရောက်သူအရေအတွက်သည် သိသာထင်ရှားစွာ ကျဆင်းလျက်ရှိနေပါသည်။

၄။ အဆိုပါ အခြေအနေအပေါ် ပညာရေးဝန်ကြီးဌာနမှ ကုစားမည့်အစီအမံရှိမရှိ လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။


 

တတိယအကြိမ် ဒုတိယပုံမှန် အစည်းအဝေး၊ ဆဋ္ဌမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄)  ဒေါ်မီမီကျော်ထွန်း 

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။

ကျွန်တော်ကတော့ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဖြစ်ပါတယ်။

ယနေ့ ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို ကျွန်တော်အနေနဲ့ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

မေးခွန်းကတော့ -

ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ “ဝန်ကြီးဌာနများ စာရင်းအရ ၂၀၁၈-၂၀၁၉ မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်သူအရေအတွက်မှာ သိသာထင်ရှားစွာ ကျဆင်းလျက်ရှိနေပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကုစားမည့် အစီအစဉ်ရှိ/မရှိ” ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့စပ်လျဉ်းပြီး ဖြေကြားရမယ်ဆိုရင်တော့ -

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ထိ ကျောင်းအပ်နှံမှုစာရင်းများအရ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ (၁,၀၄၈,၈၆၅) ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ (၁,၀၃၈,၆၂၆)ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ (၄၄၈,၅၄၃)ဦး ဖြစ်တဲ့အတွက် အထက်တန်းဆင့် ကျောင်းသားဦးရေဟာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာသာ သိသိသာသာ ကျဆင်းခဲ့တာကို တွေ့ရှိရပါတယ်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အထက်တန်းဆင့် တက်ရောက်ကျောင်းသားဦးရေ ကျဆင်းရခြင်းမှာ ၂၀၁၉ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွား၍ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းများယာယီပိတ်ခဲ့ရပါတယ်။ ထို့ပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အခြေအနေများအရ နိုင်ငံတိုးတက်ရေးကို မလိုလားတဲ့လူတစ်စုရဲ့ သွေးထိုးလှုံဆော်မှုများကြောင့်လည်းကောင်း၊ အချို့ဒေသများမှာ ကျောင်းများဖွင့်လှစ်နိုင်မှု မရှိခြင်းကြောင့်လည်းကောင်း၊ ကျောင်းတက်ရောက်တဲ့ ကျောင်းသားများ ခြိမ်းခြောက်ခံရခြင်း၊ Social Punishment များ ပြုလုပ်ခံရခြင်းတို့ကြောင့်လည်းကောင်း အချို့သော ကျောင်းသားများသည် ကျောင်းတက်ရောက်နိုင်မှုမရှိဘဲ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ထိ ကျောင်းအပ်နှံမှုစာရင်းများအရ အထက်တန်းဆင့်ကျောင်းသားဦးရေဟာ နှစ်စဉ်တိုးတက်လာတာကို တွေ့ရှိရပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ (၅၀၂,၇၇၆) ဦး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ (၇၃၀,၉၄၂) ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၇၅,၇၇၆)ဦး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ (၇၈၈,၇၆၉) ဦးဖြစ်ပါတယ်။

သို့ဖြစ်၍ ကိုဗစ်-၁၉နှင့် နိုင်ငံရေးအခြေအနေများဖြစ်ခဲ့တဲ့ ပညာသင်နှစ်တွင်သာ အထက်တန်းဆင့်ကျောင်းသားဦးရေ သိသာစွာကျဆင်းခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ထိ အထက်တန်းဆင့်တက်ရောက်ကျောင်းသား (၃၄၀,၀၀၀) ဦးခန့် တိုးတက်လာတာကို တွေ့ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနသည် အခမဲ့မသင်မနေရပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များနှင့် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများကို နှစ်စဉ်အခမဲ့ဖြန့်ဝေပေးလျက်ရှိပါတယ်။

ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူမှုလက်လှမ်းမီစေရေး၊ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရေးတို့အတွက် ကျောင်းများ အဆင့်တိုးမြှင့်ပေးခြင်း၊ ကျောင်းအဆောက်အအုံနှင့် ပရိဘောဂများပံ့ပိုးပေးခြင်း၊ သင်ရိုးညွှန်းတမ်းများမွမ်းမံပြင်ဆင်ခြင်း၊ ကျောင်းစာကြည့်တိုက်များအဆင့်မြှင့်တင်ခြင်း၊ ဆရာဦးရေ ပြည့်မီမှုရှိစေရေး အတတ်နိုင်ဆုံးဖြည့်ဆည်း ခန့်ထားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကျောင်းအပ်နှံရေးသီတင်းပတ်များတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများ၊ Social Media များ၊ ဆက်သွယ်ရေးအော်ပရေတာများမှတစ်ဆင့် စာတိုပေးပို့မှုများ (SMS) ဖြင့် ကျောင်းအပ်နှံရေးအသိပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အထက်တန်းအဆင့်သင်ကျောင်းသားဦးရေတိုးတက်လာရေးသည် မူလတန်းနှင့် အလယ်တန်းဆင့်သင်ကျောင်းသားဦးရေ တိုးတက်မှုပေါ်တွင် မူတည်သည်ဖြစ်ရာ ယခုနှစ်တွင် Placement Test (အထူးအစီအစဉ်) ကို ဆောင်ရွက်ပေးပြီး ကျောင်းပြင်ပရောက် မူလတန်းနှင့် အလယ်တန်းကျောင်းသား (၁၅၀,၀၀၀) ဦးခန့် ကျောင်းသားများသို့ ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းဆင့်မှာ တက်ရောက်ခြင်းမရှိဘဲ ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ စီးပွားရေး၊ လူမှုရေး၊ ဒေသအခက်အခဲစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်မတက်ရောက်နိုင်သူများအတွက် Grade 10 နှင့် Grade 11 ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို နှစ်စဉ်မေလတွင် ကျင်းပပေးလျက်ရှိပါတယ်။ ကျောင်းတွင်းစစ် (ပြင်ပဖြေ) အောင်မြင်သူများသည် Grade 12 (တက္ကသိုလ်ဝင်စာမေးပွဲ) တွင် ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ရရှိပြီး အောင်မြင်ပါက အဆင့်မြင့်ပညာ ဆက်လက်သင်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်ကျောင်းများ စာပေဘာသာရပ်များသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစတဲ့ သက်မွေးဘာသာရပ်များကိုပါ သင်ယူခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုကဲ့သို့ ပညာသင်ယူမှုလမ်းသွယ်များ ဖန်တီးပေးနေတဲ့အတွက် ကျောင်းသားများ KG+9 ပညာရေးကို အရည်အသွေးရှိရှိ ပြီးမြောက်မှာဖြစ်တဲ့အပြင် အထက်တန်းဆင့်မှာလည်း ကျောင်းတက်ရောက်သူများ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

အထက်တန်းဆင့် (Grade 12) ကျောင်းသားများအား စံသတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး “အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်” ပေးအပ်နေတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

ပညာသင်ယူရန် အခက်အခဲရှိတဲ့ ကျောင်းသားများကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး ပညာသင်ထောက်ပံ့ကြေးများ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါတယ်။

ကျောင်းထွက်နှုန်းလျော့ကျရေး၊ ကျောင်းနေမြဲရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေး တို့အတွက် အခြေခံပညာကျောင်းများတွင် အုပ်ထိန်းမှုစနစ် (Guardianship System) ကို အကောင်အထည်ဖော်ပြီး ကျောင်းသားများအား စဉ်ဆက်မပြတ် လေ့လာကြီးကြပ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ လမ်းညွှန်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနသည် သင်ကြားသင်ယူမှု တိုးတက်ခြင်း/ နိမ့်ကျခြင်း၊ ကျောင်းသားဦးရေ တိုးလာခြင်း/ လျော့ကျခြင်း၊ ကျောင်းများဖွင့်လှစ်ခြင်း/ ယာယီပိတ်ထားရခြင်းစတဲ့ မြေပြင်ပကတိအခြေအနေအမှန်ကို ကွင်းဆင်းကြီးကြပ်မှုများ၊ စာရင်းဇယားကောက်ယူမှုများ အစဉ်ဆောင်ရွက်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာဆန်းစစ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးလျက် ရှိပါတယ်။ ထို့ပြင် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။