ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်)
[ ဗုဒ္ဓဟူးနေ့]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦး ရှိပြီး (၂၀၈)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၁)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ)အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်။
(က) ဦးအောင်ချစ်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ စစ်ကိုင်းတိုင်းဒေသကြီး ၊ ခန္တီးမြို့ရှိ ဆိုလာဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာခလျှော့ပေါ့ကောက်ခံရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်က ဓာတ်အားခတစ်ယူနစ်(တစ်ကီလိုဝပ် နာရီ)ဈေးနှုန်းကို (၉၀၀)ကျပ်ဖြင့် လျှော့ချကောက်ခံနိုင်ရန်အတွက် ခန္တီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုသွားရန် အစီအစဉ်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ညှိနှိုင်းပေါင်းစပ် ဖြေကြားပါသည်။
(ခ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်းလေးရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာများအား လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှသာ အဆိုပါကျေးရွာ ၄ ရွာအား ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထပ်မံတည်ဆောက်ရန်လိုအပ်သည့် ၁၁ ကေဗွီဓာတ်အားလိုင်းများနှင့် ၁၁/၀.၄ ကေဗွီထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်းများအား ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမည့်ကာလနှင့် ကိုက်ညီအောင် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် နှစ်အလိုက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားပါသည်။
(ဂ) ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၂၄)နာရီလျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပြင်ပစနစ် (OFF Grid)ဖြင့် နေစွမ်းအင်သုံး စီမံကိန်း (Solar Power Project) ကဲ့သို့ စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က ရခိုင်ပြည်နယ်မာန်အောင်ကျွန်းတွင် ၂၄ နာရီ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံ KOICA တို့ ပူးပေါင်း၍ ကွင်းဆင်းတိုင်းတာမှုအရ အဆင့် ၃ ဆင့်ဖြင့် Solar Power Plant များ တည်ဆောက်၍ ဓါတ်အားပေးနိုင်ရန် စီမံချက် ရေးဆွဲခဲ့ပြီး Phase – 1 အနေဖြင့် မာန်အောင်မြို့ပေါ် ၅ ရပ်ကွက် နှင့် ကျေးရွာ ၄ ရွာ အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ မှ စ၍ ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း၊ Phase – 2 ကျေးရွာ ၆၂ ရွာ၊ အိမ်ထောင်စု ၆၂၄၁ စုအား ဓာတ်အားပေးနိုင်ရေး အတွက် 2.5 MW Solar Power Plant(Solar + Battery + Diesel Generator ) စနစ် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ နှစ်အလိုက်လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် Phase – 2 အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ကျန်ရှိသည့် Phase – 3 အား အဆင့်အလိုက်ဆက်လက် လျာထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
(ဃ) ဦးဇော်ဇော်မြင့်၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လမ်းမီးများအား နေရောင်ခြည် စွမ်းအင်သုံး (Solar Power System) ဖြင့် လျှပ်စစ်မီး တပ်ဆင် ပေးသွားနိုင်ရေး အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးကျော် က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အတွင်း လမ်းမီးလုံးရေ (၂၀၀၀)ကျော် တပ်ဆင်ရန်ရှိသည့်အနက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အလုံးရေ (၁၀၀၀) အား တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါကြောင်းနှင့် တပ်ဆင်ရန် ကျန်ရှိ သည့် ဆိုလာလမ်းမီးများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်း၍ လာမည့် ဘဏ္ဍာနှစ်များတွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဘဏ္ဍာငွေခွဲဝေ ရရှိမှု အပေါ်မူတည်၍ ဆက်လက်တပ်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း ၍ ရှင်းလင်း ပြောကြားခြင်းနှင့် အမည်စာရင်းတင်ပြခြင်း
၅။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦး ဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်း အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ချစ်လွင်အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းတင်ပြပါသည်။ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း တင်ပြပါသည်။
ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း
၆။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပါသည်။
အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၇။ ဦးဇင်မင်းထက်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) (ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး)က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၈။ အစည်းအဝေးကို ၁၁:၂၂ နာရီ အချိန်တွင် ရပ်နားပြီး တတိယနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်