Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၅-၆-၂၀၂၆)

Monday, June 15, 2026 - 16:05
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်)

[တနင်္လာနေ့]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၆)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၃)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်။

(က) ဦးတင်မျိုးဇော်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြင်စိုင်းကျေးရွာအုပ်စု၊ မြင်စိုင်းကျေးရွာ မီးလင်းရေးအတွက် (11 KVA) ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် ထရန်စဖော်မာ ချထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေ သို့မဟုတ် အထွေထွေ ပိုလျှံရန်ပုံငွေတို့တွင် ဆက်လက်လျာထားတင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှု အခြေအနေအရ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။  

( ခ ) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာအုပ်စုများ လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားခွဲရုံတစ်ရုံအား လာမည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားလိုင်း ဆာဗေးတိုင်းတာခြင်းလုပ်ငန်းအား စတင်လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာငွေခွင့်ပြုရရှိမှုအရ ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

( ဂ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၄) ၏ ဝန်ကြီးဌာနများစာရင်းအရ ၂၀၁၈-၂၀၁၉ မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်သူ အရေအတွက်မှာ သိသာထင်ရှားစွာ ကျဆင်းလျက်ရှိနေပါသဖြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကုစားမည့်အစီအမံ ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသားများ၊ စာပေဘာသာရပ်များသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစသည့် သက်မွေးဘာသာရပ်များကိုပါ သင်ယူခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာသင်ယူရန် အခက်အခဲရှိသည့် ကျောင်းသားများကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး ပညာသင်ထောက်ပံ့ကြေးများကိုလည်း နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကျောင်းထွက်နှုန်း လျော့ကျရေး၊ ကျောင်းနေမြဲရေး၊ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားရေးတို့အတွက် အခြေခံပညာကျောင်းများတွင် အုပ်ထိန်းမှုစနစ် (Guardianship System) ကို အကောင်အထည်ဖော်ပြီး ကျောင်းသားများအား စဉ်ဆက်မပြတ် လေ့လာကြီးကြပ်ခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ကြားသင်ယူမှု တိုးတက်ခြင်း/နိမ့်ကျခြင်း၊ ကျောင်းသားဦးရေ တိုးလာခြင်း/ လျော့ကျခြင်း၊ ကျောင်းများဖွင့်လှစ်ခြင်း/ ယာယီပိတ်ထားရခြင်း စသည့် မြေပြင်ပကတိအခြေအနေများကို ကွင်းဆင်းကြီးကြပ်မှုများ၊ စာရင်းဇယားကောက်ယူမှုများ အစဉ်ဆောင်ရွက်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာဆန်းစစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါကြောင်းနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ချိတ်ဆက်ပူးပေါင်းပြီး ပညာရေးမှာ ထွက်ပေါက်နည်းပါးစေရေး၊ ပညာသင်ယူမှုများပြားအောင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

အတည်ပြုချက်ရယူခြင်းနှင့် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခြင်း 

၅။ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း တို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

အဆိုဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၆။ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)  ဦးအောင်ချစ်လွင် က အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ/ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးက ဆွေးနွေးပါသည်။ 

၇။ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် ယင်းအဆိုကို အဆိုရှင်၏ဆန္ဒအရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

၈။ အစည်းအဝေးကို ၁၂:၂၇ နာရီ အချိန်တွင် ရပ်နားပြီး သတ္တမနေ့အစည်းအဝေးကို   ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် (ကြာသပတေးနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်