Share this

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ

Wednesday, September 21, 2016 - 14:53

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်      ။)

၁၃၇၈ ခုနှစ်၊                    လ       ရက် 

(၂၀၁၆ ခုနှစ်၊                  လ        ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေတွင် -

(က)ပုဒ်မ ၂၊ ပုဒ်မခွဲ (ည)၊ ပုဒ်မခွဲငယ် (တ) ကို ပယ်ဖျက်ရမည်။

( ခ )ပုဒ်မ ၂၊ ပုဒ်မခွဲ (ထ) ကို အောက်ပါအတိုင်းအစားထိုးရမည် -

"(ထ) အလတ်စားတူးဖော်ထုတ်လုပ်ခြင်းဆိုသည်မှာ ကျောက်မျက်ရတနာ ဖြစ်ထွန်းမှု ပမာဏ အသင့်အတင့်ရှိ၍ စီးပွားဖြစ်ထုတ်လုပ်ရန် ဖြစ်မြောက် နိုင်စွမ်းရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ထားသည့် ရတနာနယ်မြေအတွင်း ၅ဧကထက်မပိုသော လုပ်ကွက်အကျယ် အဝန်း၊ တူးဖော်မည့် နည်းစနစ်၊ သုံးစွဲရမည့် စက်ယန္တရား စသည်တို့ပါဝင်သော ၃နှစ်အထိ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းကို ဆိုသည်။"

၃။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၈ ကို အောက်ပါအတိုင်းအစားထိုးရမည် -

"၈။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုရန်အလို့ငှာ ရတနာနယ်မြေအတွင်း ကျောက်မျက်ရတနာတူးဖော်နိုင်သည့်နေရာများကို အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် သတ်မှတ်ရမည်။"

၄။ မြန်မာ့ကျောက်မျက်ရတနာဥပဒေတွင် -

(က)ပုဒ်မ ၉၊ ပုဒ်မခွဲ (က)နှင့် (ခ) တို့ကို အောက်ပါအတိုင်းအစားထိုးရမည် -

"(က) အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာ လုပ်ကွက်တစ်ခုချင်းအတွက် နေရာပေါ်မူတည်၍ သင့်လျော်သော အတည်ပြုချက်ဈေးနှုန်းကို သတ်မှတ်ပေးရမည်။

  (ခ)သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လုပ်ကွက် အတန်းအစားအလိုက် သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ခွင့်ပြုမိန့်ထုတ်ပေးရန် အဆိုလွှာ ခေါ်ယူရမည်။"

၅။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၁၁ ကို အောက်ပါအတိုင်းအစားထိုးရမည် -

"၁၁။ပုဒ်မ ၁၀ ပါပြဋ္ဌာန်းချက်များနှင့်ညီညွှတ်သော ကုမ္ပဏီ သို့မဟုတ် အသင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာလုပ်ကွက်များကို ဝင်ရောက်ယှဉ်ပြိုင်၍ အဆိုပြုလွှာတင်ခွင့်ရှိသည်။"

၆။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေတွင် -

(က)ပုဒ်မ ၁၂ ကို အောက်ပါအတိုင်းအစားထိုးရမည် -

"၁၂။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အလတ်စား တူးဖော်ထုတ်လုပ်ခြင်းအတွက် ဤဥပဒေပါ သတ်မှတ်ချက်များနှင့် ညီညွှတ်၍ ရ္ဂေးချယ်အတည်ပြုထားသောအဆိုပြုလွှာတင်သည့် ကုမ္ပဏီ သို့မဟုတ် အသင်းအား ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုသည့် ခွင့်ပြုမိန့်ထုတ်ပေးရမည်။"

(ခ)ပုဒ်မ ၁၂-က ကို အောက်ပါအတိုင်းအစားထိုးရမည် -

"၁၂-က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူနှင့် အလတ်စားတူးဖော်ထုတ်လုပ်ခြင်းအတွက် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့်အညီ ထုတ်လုပ်မှုအပေါ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ကုန်ကျစရိတ်များအပါအဝင် ရာခိုင်နှုန်းဖြင့် ခွဲဝေခံစားသည့်စနစ် သို့မဟုတ် အကျိုးအမြတ်အပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ကိုင်ရမည်။"

၇။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က)ကို အောက်ပါအတိုင်း အစားထိုးရမည် - 

"(က)သယံဇာတနှင့် သဘာတပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အလတ်စား တူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုသည့် ကျောက်မျက်ရတနာ လုပ်ကွက်များ၏ ခွင့်ပြုမိန့်သက်တမ်းကုန်ဆုံးသည့်အခါ ဆက်လက်လုပ်ကိုင်လိုကြောင်း လျှောက်ထား လာပါက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို စိစစ်သုံးသပ်ပြီး လုပ်ကိုင်ခွင့် သက်တမ်းကို တိုးမြှင့်ခွင့်ပြုနိုင်သည်။"

၈။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)ကို အောက်ပါအတိုင်း အစားထိုးရမည် -

"(က)အသေးစားတူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စားတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုမိန့်ထုတ်ပေးရန် ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ)အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ အသေးစားတူးဖော် ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း အတွက် ခွင့်ပြုမိန့်သက်တမ်းနှင့် အတည်ပြုဈေးနှုန်းကို သတ်မှတ်ရမည်။"

၉။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၆)ကို အောက်ပါအတိုင်း အစားထိုးရမည် -

"(၆)ပြည်ပမှ ရတနာကုန်သည်များကို မိမိအစီအစဥ်ဖြင့် ဖိတ်ခေါ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီးဌာန၏ သဘောတူညီချက်ဖြင့် တည်ဆဲဥပဒေများနှင့်အညီ ရောင်းချခွင့်ရှိသည်။"

၁၀။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (င)၏ အောက်တွင် ပုဒ်မခွဲ (စ)ကို အောက်ပါအတိုင်းဖြည့်စွက်ရမည် -

"(စ)ကျောက်မျက်ရတနာထွက်ရှိရာ ဒေသများတွင် ကျောက်မျက်ရတနာ အရောင်းအဝယ် ပြုလုပ်ရာနေရာများအား ကျောက်မျက်ရတနာဈေးအဖြစ် သတ်မှတ်ပေးရန်။"

၁၁။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၃၀၏ အောက်တွင် ပုဒ်မ ၃၁ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

"၃၁။ခွင့်ပြုမိန့်ရရှိသော ကုမ္ပဏီ သို့မဟုတ် အသင်းသည် ပုဒ်မ ၂၇၊ ၂၈၊ ၂၉၊ ၃၀တို့အရ အခွန်အခများကို ပေးဆောင်ပြီးသည့်အခါ ယင်းကျောက်မျက်ရတနာ ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ အခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့် ရှိစေရမည်။"

၁၂။ မြန်မာ့ကျောက်မျက်ရတနာဥပဒေတွင် -

(က)ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)ကို အောက်ပါအတိုင်းအစားထိုးရမည် -

"(၂)ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရဌာန အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊"

(ခ)ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅)ကို အောက်ပါအတိုင်းအစားထိုးရမည် -

                "(၅) ကျောက်မျက်ရတနာနှင့် သက်ဆိုင်သော အသင်းအဖွဲ့များမှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်(၃)ဦး၊"

၁၃။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ဇ)ကို အောက်ပါအတိုင်း အစားထိုးရမည် -

"(ဇ)နိုင်ငံတော်အတွင်း ကျောက်မျက်ရတနာ၊ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာဈေးကွက် ရာခိုင်နှုန်းပြည့်ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရတနာခွန်များ အပြည့်အဝပေးဆောင်စေရန် အထောက်အကူပြုစေရေးတို့အတွက် ကျောက်မျက်ရတနာပြပွဲများကို ဗဟိုကျောက်မျက်ရတနာကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကျင်းပစေခြင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ခွင့်ပြုသည့် နယ်စပ်မြို့များတွင် နယ်စပ်ကုန်သွယ်ရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ကျောက်မျက်ရတနာပြပွဲများကို အသင်းချုပ်၏ ကြီးကြပ်မှုဖြင့် ကျင်းပခွင့်ပြုခြင်း၊"

၁၄။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ဈ)၏ အောက်တွင် ပုဒ်မခွဲ(ည)ကို အောက်ပါ အတိုင်းဖြည့်စွက်ရမည် -

"(ည)ကျောက်မျက်နည်းပညာနှင့် ပက်သက်သော သင်တန်းကျောင်းများ၊ နိုင်ငံတကာအဆင့်မှီ ကျောက်မျက်ဈေးများ၊ ကျောက်မျက်ပြတိုက်များအား ဖွင့်လှစ်ပေးခြင်း။"

၁၅။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၄၆၊ ပုဒ်မခွဲ (ဂ)၏ အောက်တွင် ပုဒ်မခွဲ(ဃ)ကို အောက်ပါအတိုင်းဖြည့်စွက်ရမည် -

"(ဃ)အထက်ပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို စစ်ဆေးရာတွင် MEITI အပါအဝင် ဒေသခံပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင်‌့ ပူးပေါင်းဆောင်ရွက်ရမည်။"

၁၆။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၅၁ ကို အောက်ပါအတိုင်းအစားထိုးရမည် -

"၅၁။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကျောက်မျက်ရတနာအချောထည်ပြုလုပ်ခြင်းနှင့် လက်ဝတ်ရတနာပြုလုပ်ခြင်းလုပ်ငန်းကိုလည်ကောင်း၊ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းချခြင်းလုပ်ငန်းကိုလည်ကောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လိုသောပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်သည်။"

၁၇။ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၅၃ ကို အောက်ပါအတိုင်းအစားထိုးရမည် -

"၅၃။ဤဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်၏အကျိုးစီးပွား အလို့ငှာ စည်းကမ်းချက်များ သတ်မှတ်လျက်မည်သည့် ကုမ္ပဏီ သို့မဟုတ် မည်သည့် ပုဂ္ဂိုလ်ကိုမဆို -"

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်