ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၂၉ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်
( ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၉ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ရပ်ကွက်(၄)ခုစလုံး လွှမ်းခြုံနိုင်မည့် လျှပ်စစ် မီးသွယ်တန်းခြင်းကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ၂၃၀ကေဗွီ ကလေး-တမူး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာငွေလျာထား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံမှ ခမ်းပါတ်မြို့သို့ ဓာတ်အားချိတ်ဆက် ဖြန့်ဖြူးရန်အတွက် ဆောင်ရွက်ရမည့် ၆၆ ကေဗွီ ဓာတ်အား လိုင်း ၃၅ မိုင်နှင့် ခမ်းပါတ်မြို့တွင် ၆၆/၁၁ကေဗွီ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ အသစ်(၁)ရုံ တည်ဆောက်ခြင်းလုပ်ငန်း များကို ၂၃၀ ကေဗွီ ကလေး - တမူး ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံများ တည်ဆောက်ပြီးမှသာ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
( ခ ) ဒေါက်တာမြသောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ - စိမ့်ကြီးလမ်း ပျက်စီးနေသည်ကို ပြုပြင် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ၂၀၁၃ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၏ အုပ်ချုပ်မှု အောက်ရှိ စိုက်ပျိုးမြေဧရိယာအချို့အား စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြတ်အိန္ဒြေကုမ္ပဏီသို့ တာဝန်ပေးအပ် ခဲ့သဖြင့် အခြေစိုက်ဝင်း တည်ဆောက်ကာ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ညောင်ပင်သာ-စိမ့်ကြီးလမ်းအား ပြုပြင်ထားမှုမှာ လိုအပ်ချက်ကို ပြည့်မီခြင်း မရှိပါသဖြင့် မကြာခင် ပြန်လည်၍ ချိုင့်၊ ကျင်းများ ဖြစ်ပေါ်ပြီး ပျက်စီးမှု မဖြစ်ပွား စေရန် ပြုပြင်သွားနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ညှိနှိုင်းထားပါကြောင်း ဖြေကြားပါသည်။
အစီရင်ခံစာများ ဖတ်ကြားခြင်း၊ အမည်စာရင်းများ တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) (အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဝင်) က အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင် ခံစာကိုလည်းကောင်း၊ ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)(ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီဝင်)က ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လည်းကောင်း၊ ဒေါ်ရှားမူ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာကော်မတီဝင်)က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း၊ ဒေါက်တာ ခင်မကြီး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) (ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဝင်)က ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်းပါသည်။
၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ အစီရင်ခံစာ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ယနေ့ (၁၆၀၀)နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းများ တင်သွင်းနိုင် ကြောင်း ကြေညာပါသည်။
၅။ အစည်းအဝေးကို ၁၁၀၃ နာရီ အချိန်တွင် ရပ်နားပြီး ၃၀ ရက်မြောက်နေ့ အစည်းအဝေးကို ၂၁-၃-၂၀၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်